အယ်ဘေးနီးယားတွင် ငလျင်ကာလ ပြိုကျအဆောက်အဦများ အရည်အသွေးမမီမှု တာဝန်ရှိသူများကို ဖမ်းဆီး

အယ်ဘေးနီးယားတွင် ငလျင်ကာလ ပြိုကျအဆောက်အဦများ အရည်အသွေးမမီမှု တာဝန်ရှိသူများကို ဖမ်းဆီး

အယ်ဘေးနီးယားနိုင်ငံတွင် ပြီးခဲ့သည့်လက ငလျင်ကြောင့် အဆောက်အဦများ ပြိုကျကာ လူသေဆုံးရမှုများတွင် အရည်အသွေး မမီသည့် အဆောက်အဦများကို ဆောက်လုပ်ခဲ့သည့် တာဝန်ရှိသူ ကိုးဦးကို ဒီဇင်ဘာ ၁၄ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် နှစ်ဦးသည် ငလျင်ဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒါရက်စ် ဒေသတွင် ပြိုကျခဲ့သည့် ဟိုတယ်နှစ်လုံးကို ပိုင်ဆိုင်ကြသူများဖြစ်ကြောင်း သိရသည်။ ပြိုကျသော ဟိုတယ်နှစ်လုံးကို တရားမဝင် တည်ဆောက်ထားခြင်းဖြစ်သလို၊ ဟိုတယ်တစ်လုံးကိုလည်း မမှန်ကန်သော နည်းလမ်းများဖြင့် တရားဝင်သယောင် စာရင်းတင်ပြထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ၁၉၉၀ နောက်ပိုင်း အယ်ဘေးနီးယားတွင် တရားမဝင် အဆောက်အဦ ဆောက်လုပ်မှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။

ပြင်းအား ရစ်ချက်တာစကေး ၆ ဒသမ ၄ ငလျင်ကြောင့် အယ်ဘေးနီးယားတွင် လူ ၅၁ ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း အယ်ဘေးနီးယားတွင် အပြင်းထန်ဆုံး ငလျင်လည်းဖြစ်သည်။ နိုဝင်ဘာ ၂၆ ရက် နံနက်အစောပိုင်းတွင် လှုပ်ခတ်ခဲ့ကာ လူအများ အိပ်ကောင်းနေချိန်ဖြစ်သောကြောင့် အပျက်အစီးများအောက် ပိမိသူလည်း များပြားခဲ့သည်။ ငလျင်ကြောင့် လူပေါင်း ၁၄၀ဝ၀ ကျော် အိုးအိမ်မဲ့ခဲ့ရသည်။

ဆောက်လုပ်ရေး ဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်မှု သံသယဖြင့် အစိုးရစုံစမ်းစစ်ဆေးသူများသည် ဖမ်းမိန့် ၁၇ ခုထိ ထုတ်ကာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများနှင့် တာဝန်ရှိသူများကို ဖမ်းဆီးခဲ့သည်။ ဖမ်းမိန့်ထုတ်ထားသူများထဲမှ ရှစ်ဦးကို လိုက်လံရှာဖွေဆဲဖြစ်ပြီး အချို့သည် ငလျင်နောက်ပိုင်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း အယ်ဘေးနီးယား ရဲတပ်ဖွဲ့က ပြောသည်။

အဆောက်အဦပေါင်း ၁၄၀ဝ၀ ကျော် ငလျင်ကြောင့် ထိခိုက်ခဲ့ပြီး အဆောက်အဦ တစ်ခုချင်းအလိုက် လူအများ ပြန်လည်နေထိုင်ရန် သင့်မသင့်ကို အင်ဂျင်နီယာများက စစ်ဆေး အတည်ပြုနေဆဲဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များအစောပိုင်း ကွန်မြူနစ်စနစ် ကျဆုံးပြီးနောက် ဒေသခံအများအပြားသည် မြို့များသို့ ပြောင်းရွှေ့လာကြမှုကြောင့် အိမ်ရာဆောက်လုပ်ရေး လုပ်ငန်းများ တစ်ဟုန်ထိုး များပြားလာခဲ့ပြီး အစိုးရကြီးကြပ်မှုအောက်မှ ကင်းလွတ်ကာ ဆောက်လုပ်မှုအများအပြား ဖြစ်ပွားခဲ့သည်။