လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား ဒီဇင်ဘာ ၁၄ ရက်က အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းစွာ စုဝေးပြီး ထိုင်သပိတ်ဆင်နွှဲနေသော ဆန္ဒပြသူများကို မျက်နှာဖုံးစွပ် တန်ပြန်ဆန္ဒပြသူများက ဝင်ရောက်ရိုက်နှက်ရာမှ ဆန္ဒပြသူများသည် လွှတ်တော်ဝင်းဘက်သို့ ထွက်အပြေးတွင် ရဲများနှင့် ထိပ်တိုက်တိုးပြီး အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းဖြစ်သည်။ဆန္ဒပြသူများက ခဲများနှင့်ပေါက်သလို၊ ရဲများကလည်း မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ ရဲတပ်ဖွဲ့ဘက်မှ လူ ၂၀ ခန့် ဒဏ်ရာရရှိသည်။ လက်ဘနွန် အရပ်ဘက်ကာကွယ်ရေးအဖွဲ့ကလည်း လူပေါင်း ၅၄ ဦးကို ဒဏ်ရာများဖြင့် ဆေးရုံတင်ကုသပေးထားရကြောင်း ထုတ်ပြန်ထားသော်လည်း အရပ်သားနှင့် ရဲတပ်ဖွဲ့ဝင် မည်မျှ ပါဝင်ကြောင်း ခွဲခြားထုတ်ပြန်ခြင်းမရှိပေ။
အစိုးရ၏ စီးပွားစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းများကို အောက်တိုဘာလက စတင်ကာ ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် ဆန် အယ်လ်-ဟာရီရီ နုတ်ထွက်ခဲ့ရသော်လည်း အစိုးရအဖွဲ့သစ် ဖွဲ့စည်းရေး ကြန့်ကြာနေဆဲဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လက်ဘနွန်တွင် အကြီးဆုံး ဆန္ဒပြပွဲများ ဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။ ၁၉၇၅ မှ ၁၉၉၀ ထိ ပြည်တွင်းစစ်နောက်ပိုင်း လူမျိုးစုံ စုပေါင်းပါဝင်သော ဆန္ဒပြပွဲများအဖြစ်လည်း မှတ်တမ်းဝင်သည်။
စီးပွားကျဆင်းနေမှု၊ ကုန်ဈေးနှုန်းတက်နေမှု၊ အလုပ်လက်မဲ့ များပြားနေမှု၊ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများ ညံ့ဖျင်းမှုနှင့် အကျင့်ပျက်ခြစား ထူပြောမှုများကြောင့် ပြည်သူအများက အစိုးရကို ဆန့်ကျင်ဆန္ဒပြနေခြင်းဖြစ်သည်။ အစိုးရ အကျင့်ပျက်ခြစားမှုများ အဆုံးသတ်ရေး၊ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်ပြီး လူမျိုးပေါင်းစုံပါဝင်သော အစိုးရအဖွဲ့ ဖွဲ့စည်းရေး ဆန္ဒပြပြည်သူများက တောင်းဆိုထားသည်။
ဝန်ကြီးချုပ် အမည်စာရင်းသစ် တင်သွင်းရေးကို သမ္မတ မီရှဲ အာရွန်နှင့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များ ဒီဇင်ဘာ ၁၆ ရက်တွင် ဆွေးနွေးကြမည်ဖြစ်သည်။

















