ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းသို့ ဒီဇင်ဘာ ၁၄ ရက်က မုန်တိုင်းဝင်ရောက်တိုက်ခတ်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့် ပင်စင်စားနှစ်ဦး သေဆုံးကာ၊ နေအိမ် ထောင်သောင်းချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိသည်။
ဒီဇင်ဘာ ၁၄ ရက်ညပိုင်းတွင် သဘာဝဘေး လိမ္မော်ရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဘက်စ်စီရင်စု ပရွန်နီယတ် အထရွန်ချီ ခရိုင်တွင် အသက် ၇၀ အရွယ် ပင်စင်စားတစ်ဦး မောင်းနှင်လာသော ကားပေါ် သစ်ပင်လဲကျမှုကြောင့် သေဆုံးခဲ့ရသလို၊ လော့ အယ် ဂါရွန်းဒေသ အက်စ်ပီယွန်မြို့တွင်လည်း ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦး ရေထဲမျောပါ သေဆုံးခဲ့ကာ နေအိမ်နှင့် တစ်ကီလိုမီတာခန့်ဝေးသော နေရာတွင် ရုပ်အလောင်းကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက တွေ့ရှိခဲ့သည်။
သစ်ပင်များ လဲကျကာ ကားများပေါ် ပိမှုကြောင့် ငါးဦး ဒဏ်ရာရရှိကာ၊ နှစ်ဦးသည် စိုးရိမ်အခြေအနေဖြစ်သည်။ မုန်တိုင်းကြောင့် နေအိမ် လေးသောင်းကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း ဓာတ်အားပေးကုမ္ပဏီ အီနေဒစ်က ပြောသည်။ မုန်တိုင်းကြောင့် ဓာတ်အားလိုင်းများ ပျက်စီးမှုကို ပြင်ဆင်ရန် နည်းပညာရှင် နှစ်ထောင်ကျော်ကို တာဝန်ပေးထားကြောင်း၊ ဓာတ်ကြိုးများ ပြတ်ကျနေသည်ကို မြင်လျှင် ဓာတ်အားပေးကုမ္ပဏီ၏ အရေးပေါ် ဖုန်းလိုင်းကို အကြောင်းကြားနိုင်ကြောင်း ကုမ္ပဏီက ကြေညာထားသည်။
ဒီဇင်ဘာ ၁၄ ရက်ညပိုင်းတွင် ၂ ဒသမ ၇ မီတာထိ ရေတက်ခဲ့ပြီး အချို့ဒေသများတွင် တစ်နာရီလျှင် စင်တီမီတာ ၃၀ ခန့်ထိ ရေတက်ခဲ့သည်။ မုန်တိုင်း၊ ရေကြီး မြေပြိုမှုများကြောင့် စကိတ်စီးစခန်းနှစ်ခုဖြစ်သော ဂိုရတ်နှင့် အာတီရတ်စ်တို့သို့လည်း ပို့ဆောင်ရေးလမ်းကြောင်း ပြတ်တောက်လျက်ရှိပြီး လာရန်း ခရိုင်တွင်လည်း ရေကြီးမှုများကြောင့် သောက်သုံးရေ ပြတ်လပ်လျက်ရှိသည်။
လန်ဒက်စ် ဒေသတွင်လည်း ဂက်ဗ် ဒူ ပူ မြစ်နှင့် အူလူရွန်မြစ်တို့ ရေကြီးရေလျှံနိုင်သဖြင့် ဒေသခံ ခြောက်ရာကျော်ကို ကြိုတင်ရွှေ့ပြောင်းပေးထားရသည်။ အဲ့လ်ပ် တောင်တန်းများပေါ်တွင်လည်း လေတိုက်နှုန်း ပြင်းထန်နေသဖြင့် နှင်းထုပြိုကျမည့် အန္တရာယ်ကြီးမားလျက်ရှိကြောင်း ပြင်သစ် မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

















