ဆူဒန်သမ္မတဟောင်း ဘာရှား အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရ

ဆူဒန်သမ္မတဟောင်း ဘာရှား အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရ

ပြည်သူ့ဆန္ဒပြမှုများကြောင့် ပြုတ်ကျခဲ့သော ဆူဒန် သမ္မတဟောင်း အိုမာ အယ်ဘာရှားကို အကျင့်ပျက်ခြစားမှုများဖြင့် ဆူဒန် တရားရုံးက ဒီဇင်ဘာ ၁၄ ရက်တွင် ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်သည်။

အသက် ၇၅ နှစ်အရွယ် ဘာရှား၏ အသက်အရွယ်ကြောင့် ထောင်ဒဏ်ကို ပြန်လည်ပြုပြင်ရေးစခန်းတွင်သာ ကျခံရမည်ဖြစ်သည်။ စီရင်ချက်ချသည့်နေ့တွင် ဘာရှားသည် ရိုးရာ အဖြူရောင်ဝတ်စုံ၊ အဖြူရောင်ခေါင်းပေါင်းဆောင်းကာ တရားရုံးအတွင်း သံအချုပ်ခန်းထဲမှနေ၍ တရားသူကြီး အယ်ဆာဒစ် အဒါလာဟမ်၏ စီရင်ချက် ဖတ်ကြားမှုကို နားထောင်ခဲ့သည်။

ဆူဒန်ကို နှစ်ပေါင်း သုံးဆယ်အုပ်ချုပ်ခဲ့သော ဘာရှားသည် ပြည်သူ့ဆန္ဒပြမှုများ ကြုံရပြီးနောက် ဧပြီတွင် စစ်တပ်က ဦးဆောင်ကာ ဖြုတ်ချခဲ့ပြီး အကျင့်ပျက်ခြစားမှုအပါအဝင် စွဲချက်အများအပြားနှင့် ရင်ဆိုင်နေရသည်။ ရာထူးပြုတ်ကျပြီးနောက် ဘာရှား၏ အိမ်တော်မှ သိမ်းဆည်းရမိခဲ့သော သန်းချီသည့် ယူရိုငွေများ၊ ဆူဒန် ပေါင်ငွေများကိုလည်း နိုင်ငံပိုင်သိမ်းရန် တရားရုံးက စီရင်ချက် ချမှတ်ခဲ့သည်။ ဆူဒန်တွင် လက်ရှိ၌ အရပ်ဘက်နှင့် စစ်ဘက် အာဏာခွဲဝေအုပ်ချုပ်သည့် အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းထားပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပနိုင်ရေး စီစဉ်လျက်ရှိသည်။

ဆူဒန်၏ မငြိမ်သက်သော ဒါဖာဒေသတွင် မျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှုများဖြင့်လည်း ဘာရှားကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ၂၀ဝ၉ နှင့် ၂၀၁၀ ပြည့်နှစ်တို့တွင် ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။

ယခုလို အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် ချမှတ်နိုင်ခြင်းသည် ဘာရှားနှင့် အပေါင်းအပါများ၏ မတရားမှုများကို တရားရေးနည်းလမ်းဖြင့် အနိုင်ယူနိုင်သည့် သက်သေဖြစ်ကြောင်း ဆူဒန် ပြည်သူ့ဆန္ဒပြပွဲ ခေါင်းဆောင်များက မှတ်ချက်ပေး ပြောကြားသည်။ ဘာရှားနှင့် အပေါင်းအပါများကို အခြားသော စွဲဆိုချက်များဖြင့်လည်း ဆက်လက်ကြားနာစစ်ဆေးသွားရန် ရှိသည်။

စီရင်ချက်ချမည့်နေ့တွင် မြို့တော် ခါတိုရမ်၌ လုံခြုံရေး တင်းကျပ်ထားပြီး သမ္မတအိမ်တော်၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တရားရုံးတစ်ဝိုက် လုံခြုံရေး ပိုမိုထူထပ်စွာချထားသည်။