ဖီအိုရင်တီးနားတွင် ပါဝင်ကစား နေသော ၃၆ နှစ်အရွယ် တောင်ပံကစား သမား ဖရန့်ရီဘာရီသည် ဒဏ်ရာကြောင့်အနည်းဆုံး ၁ဝ ပတ်ခန့် အနားယူရ တော့မည်ဖြစ်ကြောင်း သိရသည်။
ရီဘာရီသည် နိုဝင်ဘာ ၃ဝ ရက်က လက်ချီအား တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့သည့်ပွဲတွင် ခြေချင်းဝတ်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့၍ အနားယူခဲ့ ရသည်။ ရီဘာရီ၏ဒဏ်ရာမှာ ပြင်းထန် ပြီး ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သော ကြောင့် ပရော်ဖက်ဆာ ဂါဘယ်ဦးဆောင် ၍ ခွဲစိတ်ခဲ့ရသည်။
ရီဘာရီ၏ဒဏ်ရာ ခွဲစိတ်ကုသမှု အောင်မြင်ကြောင်း၊ ဒဏ်ရာအရှင်း ပျောက်ကင်းရန် ၁ဝ ပတ်ခန့် အချိန်ယူ ရမည်ဖြစ်ကြောင်း ဖီအိုရင်တီးနားက ကြေညာခဲ့သည်။ ရီဘာရီက ဘုရား သခင်၏ ကူညီမှုဖြင့် ယခုထက် ပိုမို ကြံ့ခိုင်သောအနေအထားဖြင့် ပြန်လာ မည်ဟု တွစ်တာ၌ ပို့စ်တင်ခဲ့သည်။
ရီဘာရီသည် ဘိုင်ယန်မြူးနစ် အသင်းတွင် ကာလရှည်ကြာစွာ ကစား ခဲ့ရာ အောင်မြင်မှုများ ပိုင်ဆိုင်ခဲ့ပြီး နောက် ဖီအိုရင်တီးနားသို့ ပြောင်းရွှေ့ လာသူ ဖြစ်သည်။
၎င်းသည် ယခုနှစ် ဘောလုံးရာသီတွင် အသင်းအတွက် စီးရီးအေ၁၁ ပွဲ ကစားခဲ့ရာ နှစ်ဂိုး သွင်းယူပြီး ဖန်တီးမှုနှစ်ကြိမ် ပြုလုပ် ထားသည်။ ဖီအိုရင်တီးနားသည် လက်ရှိအချိန်တွင် ရလဒ်များကောင်းရန် ရုန်းကန်နေရသည်။















