ဘိုင်ယန်မြူးနစ် ယာယီနည်းပြ ဟန်စီဖလစ်ခ်က ဝါဒါဘရီမင်အား ခြောက်ဂိုး တစ်ဂိုးဖြင့် ဂိုးပြတ် အနိုင်ရ ခဲ့သောပွဲတွင် ဟက်ထရစ်ရရှိကာ ကစားဖော်များအတွက် နှစ်ဂိုးဖန်တီး ပေးခဲ့သည့် ဘရာဇီးသား ကော်တင်ဟိုအား ချီးကျူးပြောကြားခဲ့သည်။
ဘိုင်ယန် မြူးနစ်နှင့် ဝါဒါဘရီမင်တို့၏ပွဲကို ပရိသတ် ၇၅ဝဝဝ ကြည့်ရှုခဲ့ပြီး ဘိုင်ယန် မြူးနစ်မှာ ပွဲချိန် ၂၄ မိနစ်၌ ဦးဆောင် ဂိုးပေးခဲ့ရသော်လည်း တိုက်စစ်အစွမ်း ပြကာ ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။
ကော်တင်ဟိုသည် ၄၅ မိနစ်တွင် အသင်းအတွက် ချေပဂိုး သွင်းယူခဲ့ပြီး လီဝမ်ဒေါ့စကီးက ပထမပိုင်း ပြီးလု ချိန်တွင် ဒုတိယဂိုး သွင်းယူခဲ့သည်။ ကော်တင်ဟိုသည် ဒုတိယပိုင်း ၆၃၊ ၇၈ မိနစ်၌ ဂိုးထပ်သွင်းခဲ့၍ ဟက်ထရစ် ရရှိခဲ့သည်။ ဘိုင်ယန်မြူးနစ်အတွက် ကျန်ဂိုးများကို လီဝမ်ဒေါ့စကီးနှင့် မူလာတို့က သွင်းယူခဲ့သည်။
ဖလစ်ခ်က ''ကော်တင်ဟိုရဲ့ စွမ်းဆောင်ရည်ကို ကွင်းထဲမှာရှိတဲ့ ပရိသတ် တွေအားလုံး ကျေနပ်မယ်လို့ ထင်ပါတယ်။ ကော်တင်ဟိုဟာ သုံးဂိုးသွင်းခဲ့ ပြီး နှစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါက အံ့အားသင့်စရာ ကောင်းပါတယ်။သူ့ရဲ့ ခြေစွမ်းကြောင့် ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်''ဟု ချီးကျူးခဲ့သည်။
ဘိုင်ယန်မြူးနစ် နောက်ခံလူ အလာဘာက ကော်တင်ဟိုအား အပြီးသတ် ခေါ်ယူသင့်ကြောင်း ပြောကြားခဲ့သည်။
အလာဘာက ''ခင်ဗျားတို့ ဒီနေ့ ပွဲကို ကြည့်ရင် သိရမှာပါ။ ကျွန်တော် တို့အသင်းက ကော်တင်ဟိုကို အပြီး သတ်ခေါ်ရမှာလားဆိုရင် သိပ်မှန် တာပေါ့''ဟု ပြောခဲ့သည်။ ကော်တင် ဟိုသည် ဝါဒါဘရီမင်ပွဲတွင် ခြေစွမ်း ပြခဲ့ရာ ၄င်း၏အကောင်းဆုံးအချိန် ပြန်ရောက်လာပြီဟု မျှော်လင့်ရသည်။
ကော်တင်ဟိုနှင့် အတွဲညီညီ ကစား ခဲ့သော ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့ စကီးက ''ကော်တင်ဟိုဟာ အကောင်း ဆုံး ခြေစွမ်းပြ ကစားခဲ့ပါတယ်။ ကျွန် တော်တို့အနေနဲ့သူ့လိုမျိုး ကစားသမား လိုအပ်နေ ပါတယ်။ သူ ဘာလုပ်နိုင် သလဲဆိုတာ ပြသခဲ့တာကို တွေ့ရလို့ ကျွန်တော် ပျော်ပါတယ်''ဟု ပွဲအပြီး၌ ပြောကြားခဲ့သည်။
ကော်တင်ဟိုသည် လီဗာပူးအသင်း ၌ ကစားစဉ် ကမ္ဘာ့အဆင့်မီ ခြေစွမ်း ဖြင့် ကစားခဲ့သူဖြစ်သည်။ ၎င်းသည် ဘာစီလိုနာအသင်း၌မူ အံဝင်အောင် မကစားနိုင်ဘဲ ပုံမှန်ခြေစွမ်း ပျောက် ဆုံးနေ၍ ဘိုင်ယန်မြူးနစ်သို့ တစ်ရာသီ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာသူ ဖြစ်သည်။ ကော်တင်ဟိုသည် ဂျာမန် ကလပ်အတွက် ပွဲ ၂ဝ ကစားထားရာ ခုနစ်ဂိုးသွင်းယူထားသည်။















