တိုကျို - ဂျပန်ဧကရာဇ်၏ မိဖုရား မာဆာကိုသည်စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသည့် စိတ်ကျန်းမာရေးပြဿနာမှာ နာလန်ထူလာပြီ ဖြစ်သည်ဟု ဒီဇင်ဘာ ၉ ရက်က ပြောကြားခဲ့သည်။ ဧကရာဇ်နာရူဟီတို နန်းတက်ပွဲတွင် ၎င်း၏ တာဝန်ဝတ္တရားများကို အပြည့်အဝ ထမ်းဆောင်ခဲ့ပြီး ဖြစ်သဖြင့် ပျော်ရွှင်ကြောင်းနှင့် ပြည်သူများ စိတ်ချမ်းသာပျော်ရွှင်ရေး အတွက် ၎င်း၏ ခင်ပွန်းဖြစ်သူကို ပိုမိုကူညီကာ အလုပ်တာဝန်များကို ထမ်းဆောင်မည် ဖြစ်ကြောင်း ကတိပေး ပြောကြားခဲ့သည်။
မာဆာကို၏ ၅၆ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဧကရာဇ်နန်းတော်က ထုတ်ပြန်ချက်တစ်စောင်တွင် မာဆာကိုက ဂျပန်ဧကရာဇ် နာရူဟီတို၏ခမည်းတော် နန်းစွန့်ပြီး မေ ၁ ရက်တွင် နာရူဟီတို နန်းတက်ပွဲပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့ ဇနီးမောင်နှံကို နွေးနွေးထွေးထွေး ကြိုဆိုနှုတ်ဆက်သည့် ပြည်သူများကိုကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။
" နေရာအနှံ့တွင် တွေ့ရှိရသည့် ပြည်သူများ၏ ပြုံးရွှင်နေသည့် မျက်နှာများက ၎င်းအတွက် အဖိုးတန်သည့် အမှတ်တရများဖြစ်ခဲ့ကာ ၎င်းတို့ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများတွင် ပြည်သူများသည် ကြီးမားသည့် စိတ်ဓာတ်ရေးရာ ကူညီအားပေးမှုပင် ဖြစ်သည်"ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဟားဗာတ်တွင် ပညာသင်ကြားခဲ့သည့် သံတမန်ဟောင်းတစ်ဦးဖြစ်သူ မာဆာကိုသည် အများပြည်သူရှေ့ မထွက်ဘဲနေသည်မှာ နှစ်များစွာ ကြာမြင့်ပြီဖြစ်သည်။ မာဆာကိုသည် ၎င်းတို့၏တစ်ဦးတည်းသောသမီး မင်းသမီး အာအီကိုကို မွေးဖွားပြီးနောက် အမျိုးသားများသာ ထီးနန်း ဆက်ခံရသည့် ဂျပန်နိုင်ငံ၏ အင်ပါယာနန်းဆက်ကို ဆက်ခံရန် သားတစ်ဦး မွေးဖွားရန် ဖိအားများဖြင့် ရင်ဆိုင်ခဲ့ရသဖြင့် စိတ်ဓာတ်ကျခြင်းနှင့် စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသည့် အခြားရောဂါလက္ခဏာများကို ခံစားခဲ့ရသည်။
နာရူဟီတို နန်းဆက်ခံသည့် ရိုးရာဓလေ့ပွဲများသည် ဧပြီလ နှောင်းပိုင်းမှ ဒီဇင်ဘာ အစောပိုင်းထိ ကြာမြင့်ကာ မာဆာကိုကို အများပြည်သူရှေ့တွင် ကျန်းမာပြုံးရွှင်စွာဖြင့် မြင်တွေ့ရသည်။
လူ ၁၄၀ဝ၀ဝ ခန့် စုရုံးနေသည့် ပြည်သူများကို ဂျပန်ဧကရာဇ်အဖြစ် ပထမဆုံးနှုတ်ဆက်သည့်ပွဲအပါအဝင် နာရူဟီတို၏ အခမ်းအနားများ အားလုံးတွင်မာဆာကို လိုက်ပါခဲ့သည်။ နိုဝင်ဘာလက တော်ဝင်စစ်ရေးပြ အခမ်းအနား၌ အမိုးဖွင့်ကားတွင် နာရူဟီတို ဘေးတွင် ထိုင်ကာ လမ်းဘေးဝဲယာရှိ ပြည်သူ ၁၁၉ဝ၀ဝကို စိတ်ပါလက်ပါ လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့သည်။
မာဆာကိုက ၎င်းအပေါ် နာရူဟီတို၏ ထောက်ထားညှာတာမှုနှင့် ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ၎င်း၏ ကျန်းမာရေးကို ပိုမို တိုးတက်ကောင်းမွန်ရန် မျှော်လင့်ထားကာ သို့မှသာ နာရူဟီတိုကို ပိုမို ကူညီနိုင်မည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မာဆာကိုသည် ၎င်း၏ လှုပ်ရှားဆောင်ရွက်မှုများကိုတိုးချဲ့ကာ မိမိကိုယ်ကို ယုံကြည်မှု တဖြည်းဖြည်းပြန်လည်ရရှိလာသည်ဟု ၎င်းကို ကုသပေးသည့်ဆရာဝန်များက ပြောကြားသည်။ ပြည်သူများထံမှ နွေးထွေးစွာ ကြိုဆိုမှုကလည်း ၎င်းကို အားတက်စေကြောင်းလည်း ပြောသည်။
သို့သော် မာဆာကိုသည် အပြည့်အဝ ပြန်လည်ကျန်းမာလာခြင်း မဟုတ်သေးဘဲ ၎င်း၏အခြေအနေမှာ တက်လိုက် ကျလိုက် ဖြစ်နေသည်ဟု ဆရာဝန်များက ပြောသည်။ ဆေးဝါးကုသမှု ဆက်လက်ခံယူရန်နှင့် ဘေးပတ်ဝန်းကျင်က လူများ၏ နားလည်မှုနှင့် ပံ့ပိုးကူညီမှု ရရှိရန် အရေးကြီးကြောင်း ဆရာဝန်များက ပြောကြားသည်။ (အေပီ)

















