ရေနံချောင်းမြို့နယ်တွင် တစ်ရွာတည်းနေသူချင်းစကားများရန်ဖြစ်ရာမှ တုတ်ဖြင့်ရိုက်သတ်ခံရမှုကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက် နံနက်၇နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးထံသို့ အဒေါ်ဖြစ်သူက ဖုန်းဖြင့်ဆက်သွယ်ကာ ဝက်လွတ်ရွာနေ ၎င်း၏ဖခင်ဖြစ်သူ ဦးတင်ရှိန် သေဆုံးကြောင်းပြောပြသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
ဖခင်ဖြစ်သူ၏ ဦးခေါင်းနောက်စေ့တွင် သွေးထွက်ဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရ၍ စုံစမ်းမေးမြန်းခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်နေ့ည၌ ဖခင်ဖြစ်သူသည် တစ်ရွာတည်းနေထိုင်သူ ဝင်းဇော်ဦး ၃၄ နှစ်နှင့် စကားများရန်ဖြစ်ရာမှ တုတ်ဖြင့်ရိုက်သတ်ခံရသောကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့သည်။
ညောင်လှနယ်မြေရဲစခန်းက(ပ)၁၇၃/၁၉၊ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂ အရ အမှုဖွင့်ကာ ကျူးလွန်သူကိုဖမ်းဆီးအရေးယူထားသည်။

















