ကရင်ပြည်နယ် ဘားအံမြို့နယ် အောင်သိဒ္ဓိစေတီ ရင်ပြင်၌ ဦးပဉ္စင်းတစ်ပါးဒဏ်ရာများဖြင့် ပျံလွန်တော်မူနေသည့်ဖြစ်စဉ်ကို သက်ဆိုင်ရာက အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ဒီဇင်ဘာ ၁၅ ရက်က သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဘားအံမြို့နယ် သာမညကျေးရွာအုပ်စု ရွာတန်းရှည်ရပ်ကွက် အောင်သိဒ္ဓိစေတီရင်ပြင်ရှိ တန်ဆောင်းအတွင်း၌ ဦးပဉ္စင်းတစ်ပါးပျံလွန်တော်မူကြောင်း သတင်းအရ နယ်မြေခံရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။
တန်ဆောင်းအတွင်း ဥူးသာရိန္ဒ(ခ)ဦးသောင်းရင်း(ခ) ဦးသော့ရင် သက်တော်(၅၀) ဝါတော်(၅)ဝါကို ပက်လက်အနေအထားဖြင့် နှာခေါင်းသွေးထွက်၊ နှာခေါင်းရိုးကျိုးဒဏ်ရာ၊ လည်ပင်းညိုမဲ၊ ဝဲပါးရိုးရောင် ဝဲညှပ်ရိုးပေါ်ပွန်းခြစ်ဒဏ်ရာနှင့်ပျံလွန်တော်မူနေသည်ကိုတွေ့ရှိခဲ့သည်။
၎င်းပျံလွန်တော်မူနေသည်ကို အဆိုပါစေတီတွင် ဝေယျာဝစ္စလုပ်ကိုင်သူ ဦးမောင်ညွန့်က တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ယင်းဦးပဉ္စင်းမှာ ကျောင်းအတည်တကျမရှိပဲ လှည့်လည်သွားလာနေသူဖြစ်သည်။ အိန္ဒုနယ်မြေရဲစခန်းက (ပ)၅၂/၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားပြီး သေဆုံးမှုကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

















