ဝီဂါမွတ်ဆလင်များအပေါ် တရုတ်အစိုးရ၏ ဆက်ဆံပုံများကို အာဆင်နယ် ကစားသမား မီဆု အိုဇေးက တွစ်တာတွင် ဝေဖန်ရေးသားခဲ့ပြီးနောက် အိုဇေး၏ လုပ်ရပ်ကြောင့် အာဆင်နယ်အသင်းအတွက် အကျိုးယုတ်ရန်သာရှိကြောင်း တရုတ်အစိုးရက ဒီဇင်ဘာ ၁၆ ရက်တွင် သတိပေးလိုက်သလို၊ သီတင်းပတ်ကုန်ရက်အတွင်း အာဆင်နယ်ပွဲကိုလည်း တရုတ်ရုပ်သံများတွင် ထုတ်လွှင့်ခြင်း ပိတ်ပင်ခဲ့သည်။
အိုဇေးသည် မိမိစကား၏ အဓိပ္ပာယ်ကို နားမလည်သူဖြစ်ကြောင်း၊ မိမိ၏ ရပ်တည်ချက်ကို မသိသူဖြစ်ကြောင်း တရုတ်အစိုးရ၏ ဂလိုဘယ်တိုင်းမ် သတင်းစာ အယ်ဒီတာအာဘော်ကလည်း ဝေဖန်ရေးသားခဲ့သည်။ အိုဇေးသည် တူရကီမျိုးရိုး ဂျာမနီ နိုင်ငံသားဖြစ်ပြီး တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ကျန်းဒေသတွင် ဝီဂါမွတ်ဆလင်များအပေါ် တရုတ်အစိုးရက ဖိနှိပ်မှုများကို တွစ်တာတွင် ဒီဇင်ဘာ ၁၃ ရက်က ဝေဖန်ရေးသားခဲ့သည်။ အာဆင်နယ် ဘောလုံးအသင်းကမူ အိုဇေး၏ မှတ်ချက်စကားသည် အသင်းနှင့် မသက်ဆိုင်ကြောင်း၊ အသင်းသည် နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်းနေသည့် မူဝါဒကို ကျင့်သုံးကြောင်း ကြေညာချက် ထုတ်ထားသည်။
အိုဇေး၏ မှတ်ချက်စကားကို တရုတ်အစိုးရက မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် အာဆင်နယ်နှင့် မန်ချက်စတာ စီးတီးတို့၏ ပွဲကို နိုင်ငံပိ်ုင်မီဒီယာ CCTV က မလွှင့်ဘဲ ပယ်ဖျက်ခဲ့သလို၊ အင်တာနက် တိုက်ရိုက်တီဗွီ PPTV ကလည်း အာဆင်နယ်ပွဲကို မလွှင့်ဘဲ ပယ်ဖျက်ခဲ့သည်။
တရုတ် ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာ ဂလိုဘယ်တိုင်းမ်က အသက် ၃၁ နှစ်အရွယ် အိုဇေးသည် ၎င်း၏ လုပ်ရပ်ကြောင့် တရုတ် ပရိသတ်များအကြား သိက္ခာကျဆင်းရတော့မည်ဖြစ်သလို၊ အာဆင်နယ်အသင်းအတွက်လည်း အလားအလာ အကျိုးဆက်မကောင်းကြောင်း ရေးသားသည်။
တရုတ်အစိုးရသည် လူများစု တရုတ် ဟန်လူမျိုးများ၏ ယဉ်ကျေးမှုပုံစံများကို ဝီဂါ မွတ်ဆလင်များကို အတင်းသွတ်သွင်းရန် ရှင်ကျန်းဒေသတွင် ပညာပေးစခန်းများ ဖွင့်လှစ်နေမှုကြောင့် နိုင်ငံတကာအသိ်ုင်းအဝိုင်းက ဝေဖန်ပြစ်တင်လျက်ရှိသည်။

















