နှစ်ကုန်နောက်ဆုံးထားပြီး အမေရိကန်က နျူကလီးယားအရေး ကမ်းလှမ်းချက်အသစ်များ တင်ပြရန် မြောက်ကိုရီးယားက သတိပေးထားမှုသည် မလိုအပ်ဘဲ ရိုင်းပြလွန်းရာ ရောက်နေကြောင်း မြောက်ကိုရီးယား နျူကလီးယားအရေး အမေရိကန်အထူးကိုယ်စားလှယ်က ဒီဇင်ဘာ ၁၆ ရက်တွင် ဝေဖန်ပြောကြားလိုက်သည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ဖေဖော်ဝါရီလက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဒုတိယအကြိမ် တွေ့ဆုံမှု အဆင်မပြေဖြစ်ခဲ့ပြီးနောက်ပိုင်း နျူကလီးယားဆွေးနွေးပွဲများ အေးစက်သွားခဲ့သဖြင့် ၂၀၁၉ နှစ်ကုန်နောက်ဆုံးထားပြီး ကမ်းလှမ်းချက်အသစ်များ ပေးပို့ရန် မြောက်ကိုရီးယားက အမေရိကန်ကို သတိပေးထားခြင်း ဖြစ်သည်။ နှစ်ကုန်ရန် နီးကပ်လာသည်နှင့်အမျှ မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ခြိမ်းခြောက်သတိပေးမှုများ တိုးမြှင့်လာသည်ကို သတိထားမိကြောင်း အမေရိကန် အထူးကိုယ်စားလှယ် စတီဖန် ဘီဂန်က ပြောသည်။
"မြောက်ကိုရီးယားရဲ့ မှတ်ချက်စကားတွေ၊ တောင်းဆိုချက်တွေဟာ အမေရိကန်သာမက၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ ဥရောပက မဟာမိတ်တွေအတွက်ပါ မလိုအပ်ဘဲ ရိုင်းစိုင်းလွန်းနေပါတယ်" ဟု မစ္စတာ ဘီဂန်က ပြောသည်။
"အမေရိကန်ဘက်ကတော့ နောက်ဆုံးသတ်မှတ်ရက်ဆိုတာ မရှိဘူး။ အကောင်အထည်ဖော်ရမယ့် ပန်းတိုင်ဆိုတာပဲရှိတယ်" ဟု ဘီဂန်က တောင်ကိုရီးယားသို့ ရောက်ရှိစဉ် ပြောကြားသည်။
နှစ်ကုန်ရက်မတိုင်ခင် အမေရိကန်က ကမ်းလှမ်းချက်အသစ်များ မပေးပို့ပါက အမေရိကန် မှန်းဆလို့ မရနိုင်လောက်သည့် လမ်းသစ်မျိုးကို လျှောက်လှမ်းတော့မည်ဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးချက် ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားသည် ဆိုဟဲ ဒုံးပျံစက်ရုံတွင် ယခုလအတွင်း စမ်းသပ်မှု အများအပြား ပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်းလည်း လက်နက်စမ်းသပ်မှု အများအပြား ပြုလုပ်ခဲ့သည်။
အချို့သော လက်နက်များသည် ကုလသမဂ္ဂက တားမြစ်ထားသည့် တာဝေးပဲ့ထိန်းဒုံးကျည်များ ဖြစ်နိုင်ကြောင်း ဂျပန်နှင့် အခြားနိုင်ငံများက စွပ်စွဲထားသည်။

















