ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းဒေသတွင် ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက ပြင်းအား ရစ်ချတ်တာစကေး ၆ ဒသမ ၈ ရှိသော ငလျင်လှုပ်ခတ်မှုကြောင့် ဈေးဝယ်စင်တာ အဆောက်အအုံတစ်လုံးနှင့် အခြား အဆောက်အအုံများ ပြိုကျခဲ့ပြီး လူ သုံးဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကာ အပျက်အစီးများအောက် ပိတ်မိပျောက်ဆုံးနေသူများကို ဒီဇင်ဘာ ၁၆ ရက်တွင် ဆက်လက်ရှာဖွေလျက်ရှိသည်။
ဒီဇင်ဘာ ၁၅ ရက်ငလျင် ဗဟိုချက်မှ ကီလိုမီတာ ၂၀ အကွာတွင် တည်ရှိသော မင်ဒါနာအိုကျွန်းပေါ်ရှိ ပါဒါဒါမြို့ တောင်ပိုင်းကုန်သွယ်ရေး ဈေးဝယ်စင်တာ ပြိုကျခဲ့ပြီး အပျက်အစီးများအောက် လူငါးဦးထက်မနည်း ပိမိနေနိုင်သဖြင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ ကြိုးပမ်းရှာဖွေနေဆဲ ဖြစ်သည်။ ကယ်ဆယ်ရေးသမားများသည် လွှဖြတ်စက်များ၊ ခန္ဓာကိုယ်အပူလှိုင်းအာရုံခံစက်များသုံးကာ ပိတ်မိနေသူများကို ရှာဖွေနေသော်လည်း တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
"ဝမ်းနည်းစရာ ကောင်းပါတယ်။ တွေ့နိုင်ခြေက တော်တော်ကို နည်းနေပါတယ်" ဟု ဒေသဆိုင်ရာ သဘာဝဘေးစီမံခန့်ခွဲရေး အရာရှိ ခရစ္စတိုဖာ တန်က ပြောသည်။
ငလျင်ကြောင့် နေအိမ်အုတ်နံရံပြိုကျကာ ပိမိမှုကြောင့် ခြောက်နှစ်သမီးတစ်ဦး သေဆုံးခဲ့ရသည်။ အောက်တိုဘာလမှစ၍ လက်ရှိအချိန်ထိ မင်ဒါနာအို ဒေသတွင် ငါးကြိမ်မြောက် အကြီးစားငလျင် လှုပ်ခတ်ခြင်းဖြစ်သည်။ကယ်ဆယ်ရေးသမားများသည် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းများကိုလည်း ညပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။
ဒဏ်ရာရသူ ၃၁ ဦးထိရှိကြောင်း ဒေသဆိုင်ရာ ပြန်ကြားရေးအရာရှိ ဖရန်စစ် ရက်ဂျ်က ပြောသည်။ ငလျင်ကြောင့် မြေပြိုကာ အချို့နေရာများတွင် လမ်းများ ပိတ်ဆို့နေကြောင်းလည်း သိရသည်။ ငလျင်ကြောင့် နေအိမ် သုံးရာနှင့် အစိုးရရုံး ရှစ်ရုံးတို့တွင် အနည်းငယ်စီ ထိခိုက်ပျက်စီးခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုင်းများလည်း ပြတ်တောက်လျက်ရှိသည်။
ငလျင်ဗဟိုချက်နှင့် ၆၁ ကီလိုမီတာဝေးသော ဒါဗိုစီးတီးမြို့တွင် သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် မိသားစု ရှိနေသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ ဖိလစ်ပိုင်သည် မြေလွှာလှုပ်ရှားမှုများသော ပစိဖိတ်မီးကွင်းဒေသပေါ်တွင် တည်ရှိပြီး မကြာမကြာ ငလျင်လှုပ်လျက်ရှိသည်။

















