ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်သည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ဂိုးသမားကီပါ၏နေရာ၌ အစားထိုးရန် ဂိုးသမားသစ်ရှာဖွေရန် အလို ရှိနေကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့သည်။
ဘီလ်ဘာအိုဂိုးသမားဟောင်း ကီပါသည် ၂၀၁၈ ခုနှစ်က ပြောင်းရွှေ့ကြေးပေါင် ၇၁ ဒသမ ၆ သန်းဖြင့် ချယ်လ်ဆီးသို့ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ ကီပါသည် ချယ်လ်ဆီးအသင်း၌ အကောင်းဆုံးလက်စွမ်းပြ မကစားနိုင် သေး၍ ဝေဖန်မှုအချို့လည်း ခံခဲ့ရသည်။ ချယ်လ်ဆီးသည် ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)တွင် ဘုန်းမောက်အားရှုံးနိမ့်ခဲ့၍ နောက်ဆုံးပရီးမီးယားလိဂ်ငါးပွဲကစားခဲ့ရာ လေးပွဲရှုံးနိမ့်ခဲ့သည်။ ဘုန်းမောက်ပွဲအပြီး ဂိုးသမားကီပါ၏ သတင်းများ ထွက်ပေါ်ခဲ့ ခြင်းဖြစ်သည်။
ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားတစ်ဦး ဖြစ်သော်လည်း ကီပါ၏စွမ်းဆောင်ရည်မှာ အကျဘက်ရောက်နေပြီး ဘုန်းမောက်ပွဲ မကစားမီ အဲဗာတန်ပွဲ၌လည်း လက်စွမ်းမပြနိုင် ခဲ့ပေ။ ထို့ပြင် ကီပါသည် ဗလင်စီယာနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲတွင်လည်း စွမ်းဆောင်ရည်ကျဆင်းခဲ့သည်။
နည်းပြလမ်းပတ်သည် ကီပါ၏နေရာအစားထိုးရန် မည်သည့်ဂိုးသမားကို လျာထားသည်ကိုမူ မသိရသေးပေ။















