အမ်းမရိတ်တွင် အာဆင်နယ်အသင်းအား မန်စီးတီး သုံးဂိုးပြတ်အနိုင်ကစား ခြေစွမ်းပြခဲ့သူ ဒီဘရိုင်းကို စူပါလူသားဟု ဂွာဒီယိုလာချီးကျူး

အမ်းမရိတ်တွင် အာဆင်နယ်အသင်းအား မန်စီးတီး သုံးဂိုးပြတ်အနိုင်ကစား ခြေစွမ်းပြခဲ့သူ ဒီဘရိုင်းကို စူပါလူသားဟု ဂွာဒီယိုလာချီးကျူး

အာဆင်နယ်သည် ဒီဇင်ဘာ ၁၅ ရက်က အိမ်ကွင်းတွင် မန်စီးတီးနှင့် ယှဉ်ပြိုင်ခဲ့ရာ ခြေစွမ်းခြင်း မယှဉ်နိုင်ခဲ့ဘဲ သုံးဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ အာဆင်နယ် ယာယီနည်းပြ ယွန်းဘတ်သည် တိုက်စစ်တွင် အော်ဘာမီယန်ကို အထောင်ထားခဲ့ပြီး ပီပီအပါအဝင် အဓိက ကစားသမားများဖြင့် မန်စီးတီးကို ရင်ဆိုင်ခဲ့သည်။ မန်စီး တီးတိုက်စစ်ကို ဂျီးဆက်ဦးဆောင်ခဲ့ပြီး ဘယ်လ်ဂျီယံကစားသမား ဒီဘရိုင်းမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့သည်။

ဒီဘရိုင်းသည် ပွဲချိန် နှစ်မိနစ်၌ပင် ဂျီးဆက်၏ ဖန်တီးမှုတစ်ဆင့် ဦးဆောင်ဂိုးသွင်း ယူခဲ့သည်။ မန်စီးတီးအသင်း၏ ခြေစွမ်းအဟုန် ကို အာဆင်နယ်အသင်း မလိုက်နိုင်ခဲ့ဘဲ ၁၅ မိနစ်၌ ဂိုးထပ်ပေးခဲ့ရသည်။ မန်စီးတီးတိုက် စစ်မှူး စတာလင်းက ဒီဘရိုင်း၏ ဖန်တီးမှု တစ်ဆင့် အမှားအယွင်းမရှိ သွင်ယူခဲ့သည်။ ဒီဘရိုင်းသည် ပွဲချိန် မိနစ် ၄၀ တွင် လူငယ် ကစားသမား ဖိုဒန်၏ ဖန်တီးမှုမှတစ်ဆင့် တတိယဂိုးသွင်းယူပေးခဲ့သည်။

အာဆင်နယ်သည် ၂၀ဝ၈ ခုနှစ် ဒီဇင် ဘာလ၌ ကစားခဲ့သည့် လီဗာပူးပွဲအပြီး ပထမ ဆုံးအကြိမ်ဖြင့် ပရီးမီးယားလိဂ် အိမ်ကွင်းတွင် ဂိုးပေါက် ခြိမ်းခြောက်မှု အနည်းဆုံးဖြစ် ခဲ့ပြီး ခြောက်ကြိမ်သာရခဲ့သည်။ အာဆင်နယ် သည် ၁၉၉၄ ဒီဇင်ဘာမှ ၁၉၉၅ ဖေဖော်ဝါရီအထိ အိမ်ကွင်းတွင် ရှစ်ပွဲဆက် အနိုင်ပျောက် ခဲ့ပြီးနောက် ယခုအခါ အိမ်ကွင်း ခြောက်ပွဲဆက် အနိုင်ပျောက်နေသည်။

လှလှပပ ဂိုးများသွင်းယူကာ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့သည့် ဒီဘရိုင်းမှာ သာမန် လူထက် ထူးခြားသည့် စူပါလူသားဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာက ချီးကျူးခဲ့သည်။

ဂွာဒီယိုလာက "ကီဗင်ဟာ အသင်းအတွက် လှလှပပ ဂိုးတွေ သွင်းပေးခဲ့ပြီး ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တယ်။ ဒီဘရိုင်းဟာ စူပါလူသားပါ။ သူ့ခြေစွမ်းကို ကျွန်တော်တို့ စိတ်မပျက်ရဘူး။ သာမန်လူတွေ မလုပ်နိုင်တဲ့ လှုပ်ရှားမှုတွေ ပေးပို့မှုကိုလည်း သူမြင်နိုင်တယ်။ ဒီဘရိုင်းဟာ အင်မတန် ဘောလုံးအမြင်ကောင်းပြီး ဖန်တီးမှုလည်း လုပ်နိုင်တယ်။ ဂိုးပိုသွင်းရမယ်လို့ သူ့ကို အမြဲပြောဖြစ်တယ်။ ဒီနေ့တော့ သူလုပ်နိုင် ခဲ့တယ်။ နေရာစုံမှာလည်း ကစားနိုင်တယ်။ ခံစစ်အရမ်းမကူရဘဲ တိုက်စစ်မှာ ပိုကစားရ မယ်ဆိုရင် သူပိုတောင်ကောင်းသေးတယ်"ဟု အာဆင်နယ်နှင့်ပွဲအပြီး ချီးကျူးပြောကြား ခဲ့သည်။



ဖတ်ရှုမှုအများဆုံး