ဘယ်လ်ဂျီယံရှိ ကာနီဗယ် ရိုးရာပွဲ‌တော် ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှ ဖယ်ရှားခံရ

ဘယ်လ်ဂျီယံရှိ ကာနီဗယ် ရိုးရာပွဲ‌တော် ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှ ဖယ်ရှားခံရ

ဘယ်လ်ဂျီယံရှိ ကာနီဗယ် ရိုးရာပျော်ပွဲရွှင်ပွဲတစ်ခုသည် လူမျိုးရေးခွဲခြားဆက်ဆံသည့် အပြုအမူတစ်ခုအတွက် ယူနက်စကို၏ ယဉ်ကျေးမှု အမွေအနှစ်မှ ဖယ်ရှားခံခဲ့ရကြောင်း သိရသည်။
 

ကိုလမ်ဘီယာနိုင်ငံ ဘိုဂိုတာ၌ ပြုလုပ်သည့် ယူနက်စကို အစည်းအဝေး၌ ဒီဇင်ဘာ ၁၅ ရက်တွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ပြုလုပ်သည့် အာ့စ်တ်ပွဲတော်တွင် ဂျူးလူမျိုးများကို လှောင်ပြောင်သည့် သရုပ်ဖော်ကွက်တစ်ခုပါဝင်ခဲ့ကြောင်း ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေး အဖွဲ့အစည်းများက ပြောဆိုခဲ့သည်။

ယဉ်ကျေးမှုဆိုင်ရာ ထုတ်ဖော်ချက်များတွင် လူ့အဖွဲ့အစည်းကြား လေးစားမှုပြသနိုင်ရမည် ဆိုသည့် အချက်ကို ဖောက်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ယူနက်စကို၏ အတွင်းဝန်ရုံးက ထုတ်ပြန်ခဲ့သည်။ ဘယ်လ်ဂျီယံသည် ပွဲတော်ကို ဆက်လက်ကျင်းပခွင့်ရှိကြောင်း ယူနက်စကို၏ အမွေအနှစ်စာရင်းတွင် အခြားအသိုင်းအဝိုင်းတစ်ခုကို လှောင်ပြောင်ထားမှုကိုတော့ ထည့်သွင်းနိုင်မည် မဟုတ်ကြောင်း ယူနက်စကို၏ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး အဲနက်စတို အော့တာက ပြောဆိုခဲ့သည်။

ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ပြီးနောက် ဘယ်လ်ဂျီယံသည် ၎င်းတို့၏ ပွဲတော်ကို အမွေအနှစ်စာရင်းမှဖယ်ရှားပေးရန် ယူနက်စကိုကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ မည်သည့်အရာကို လှောင်ပြောင်ရမည်နှင့် ပတ်သက်၍ သဘောထားကွဲပြားနိုင်ပြီး တိုင်ကြားမှုနှင့်ပတ်သက်၍ မြို့နေများလည်း စိတ်ပျက်နေကြောင်း အာ့စ်တ်မြို့တော်ဝန် ခရစ္စတို ဒဟဲဆာက တုံ့ပြန်ပြောဆိုခဲ့သည်။