ရာသီဥတုအရေးလှုပ်ရှားသူ ဂရေတာ သွန်းဘတ် နားလည်မှုလွဲစေခဲ့သည့် မှတ်ချက်စကားအတွက် တောင်းပန်

ရာသီဥတုအရေးလှုပ်ရှားသူ ဂရေတာ သွန်းဘတ် နားလည်မှုလွဲစေခဲ့သည့် မှတ်ချက်စကားအတွက် တောင်းပန်

ရာသီဥတုအရေး လှုပ်ရှားသူ ဆွီဒင်ဆယ်ကျော်သက် ဂရေတာ သွန်းဘတ်သည် နိုင်ငံရေးသမားများအား နံရံတွင် ကပ်ကာ မတ်တပ်ရပ်စေသင့်ကြောင်း ပြောဆိုခဲ့မိသည့်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။
 

နံရံတွင် တစ်စုံတစ်ဦးကို ကပ်ကာ မတ်တပ်ရပ်စေခြင်းသည် သေနတ်ပစ်တပ်ဖွဲ့ဖြင့် အဆုံးစီရင်ခြင်းဟုလည်း အဓိပ္ပာယ်ရသောကြောင့် ဂရေတာ သွန်းဘတ်သည် အကြမ်းဖက်ရန် လှုံ့ဆော်နေပြီဟု ဝေဖန်ပြောဆိုမှုများရှိလာခဲ့သည်။

အသက် ၁၆ နှစ်အရွယ် သွန်းဘတ်သည် အီတလီနိုင်ငံ တုရင်မြို့၌ ဒီဇင်ဘာ ၁၃ ရက်တွင် အထက်ပါစကားကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် သွန်းဘတ်က ယင်းစကားသည် ဆွီဒင်ဘာသာမှ ဆိုရိုးစကားကို တိုက်ရိုက်ဘာသာပြန်ဆိုလိုက်ခြင်းဖြစ်ပြီး ဆွီဒင်ဘာသာတွင် တစ်စုံတစ်ဦးကို ချောင်ပိတ်ကာ ခက်ခဲသည့် မေးခွန်းများမေးခြင်းဟု အဓိပ္ပာယ်ရကြောင်း ဖြေရှင်းပြောဆိုခဲ့သည်။

ဒုတိယဘာသာစကားဖြင့် ပြောင်းလဲပြောဆိုသည့်အခါ မှားတတ်သည့် အမှားဖြစ်သော်လည်း နားလည်မှုလွဲစေခဲ့သည့်အတွက် တောင်းပန်ပါကြောင်း သွန်းဘတ်က တွစ်တာလူမှုစာမျက်နှာတွင် ရေးသားခဲ့သည်။

ကမ္ဘာ့နိုင်ငံခေါင်းဆောင်များသည် ရာသီဥတုပြောင်းလဲမှုပြဿနာကို မဖြေရှင်းဘဲ တာဝန်မဲ့စွာ လုပ်ဆောင်နေကြောင်း သွန်းဘတ်က တုရင်၌ စုဝေးလာသူများကို ပြောဆိုခဲ့သည်။ နိုင်ငံရေးသမားများ တာဝန်မဲ့စွာ နေလို့မရအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ၎င်းတို့ကို ချောင်ပိတ်ကာ မဖြေဆိုလိုသည့် မေးခွန်းများ မေးရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။

၎င်းနှင့် လူငယ်လှုပ်ရှားမှုသည် အကြမ်းဖက်မှုမည်သည့်ပုံစံကိုမဆို ဆန့်ကျင်ပါကြောင်း သွန်းဘတ်က ပြောဆိုခဲ့သည်။