စကော့တလန်၏ ဆန္ဒမပါဘဲ ဗြိတိန်နှင့်ပူးပေါင်းရေး လုပ်ဆောင်လို့ရမည်မဟုတ်ကြောင်း စကော့တလန်ဝန်ကြီးချုပ် နီကိုလာ စတာဂီယွန်က ဒီဇင်ဘာ ၁၅ ရက်တွင်ပြောဆိုခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ၎င်း၏ အစိုးရတို့က စကော့တလန် လွတ်လပ်ရေးနှင့် ပတ်သက်၍ နောက်ထပ် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခွင့်ပြုမည်မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောဆိုခဲ့ပြီးဖြစ်သည်။ သို့သော် အထွေထွေရွေးကောက်ပွဲတွင် စကော့ အမျိုးသားပါတီသည် ဗြိတိန်လွှတ်တော်တွင် စကော့တလန်အတွက် ပေးထားသည့် အမတ်နေရာ ၅၉ နေရာအနက် ၄၈ နေရာကိုရရှိခဲ့ပြီးနောက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပခွင့်ရရှိသွားပြီဖြစ်ကြောင်း စတာဂီယွန်က ပြောဆိုခဲ့သည်။
ဘောရစ်ဂျွန်ဆင်သည် ပြည်သူ့ဆန္ဒခံယူပွဲ မလုပ်ရဟုပြောဆိုပြီး ပြဿနာပြေလည်သွားမည်ဟု ယူဆနေပါက လုံးဝကိုမှားယွင်းသွားမည်ဖြစ်ကြောင်း စတာဂီယွန်က ပြောဆိုခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စကော့တလန်ခွဲထွက်မှုဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲရလဒ်ကို လေးစားသင့်ကြောင်း ဗြိတိန်ဝန်ကြီးတစ်ဦးဖြစ်သည့် မိုက်ကယ် ဂို့ဗ်က ပြောဆိုခဲ့သည်။
ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီသည် စကော့တလန်တွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ပြည်သူ့ဆန္ဒခံယူပွဲမပြုလုပ်သင့်ဟု ပြောဆိုနေခြင်းသည် ဒီမိုကရေစီနည်းမကျသော လုပ်ရပ်ဖြစ်ကြောင်း စတာဂီယွန်က ပြောဆိုခဲ့သည်။ ဂျွန်ဆင်၏ပါတီသည် စကော့တလန်ခွဲထွက်မှုကိုဆန့်ကျင်သည့် ရပ်တည်ချက်ဖြင့် မဲဆွယ်ခဲ့ပြီး အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာ ၁၃ ခုအနက် ခုနစ်ခုကို ဆုံးရှုံးခဲ့သည်။
စကော့တလန်၏ဆန္ဒမပါဘဲ ဗြိတိန်ထဲတွင် အကျဉ်းခံထားလို့မရကြောင်း ဂျွန်ဆင်နှင့် ဒီဇင်ဘာ ၁၃ ရက်တွင် ဖုန်းဆက်ပြောဆိုရင်း ထည့်သွင်းပြောဆိုခဲ့သည်ဟု စတာဂီယွန်က ပြောဆိုခဲ့သည်။
သွေးကွဲမှုနှင့် မတည်ငြိမ်မှုကို မလိုလားသည့် စကော့တလန်သားများနှင့်အတူ ဝန်ကြီးချုပ်က ရပ်တည်နေကြောင်း ဝန်ကြီးချုပ်ရုံး၏ပြောခွင့်ရှိသူကပြောဆိုခဲ့သည်။

















