၁၇ နှစ်အရွယ်လူငယ်ကို ကျားဖောင်လုပ်သားအဖြစ်ပို့ဆောင်ပြီး လုပ်အားခေါင်းပုံဖြတ်

၁၇ နှစ်အရွယ်လူငယ်ကို ကျားဖောင်လုပ်သားအဖြစ်ပို့ဆောင်ပြီး လုပ်အားခေါင်းပုံဖြတ်

သန်လျင်မြို့နယ်တွင် အသက် ၁၇ နှစ်အရွယ် လူငယ်ကို ကျားဖောင်လုပ်သားအဖြစ်ပို့ဆောင်ကာ လုပ်အားခေါင်းပုံဖြတ်ခဲ့သူ နှစ် ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားကြောင်း ဒီဇင်ဘာ ၁၇ ရက်၌ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာနေ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသည် ဖျာပုံမြို့နယ် အမာမြို့နယ်ခွဲတွင် ကျားဖောင်လုပ်သားအဖြစ် လူကုန်ခံရပြီးနောက် ပြန်လည်ရောက်နေကြောင်း သတင်းအရ အမှတ် ၆ လူကုန်ကူးမှုရဲတပ်ဖွဲ့ မှ ရဲအုပ်အောင်မျိုးသန့်နှင့် အဖွဲ့က ဒီဇင်ဘာ ၁၆ ရက် ညနေပိုင်းတွင် သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါလူငယ်သည် ယခုနှစ် အောက်တိုဘာ ၂၂ ရက် နံနက် ၁၀ နာရီခွဲ ခန့်တွင် နေအိမ်၌ဆော့ကစားနေစဉ် ဒေါပုံမြို့နယ်နေ အောင်မြင့်သိန်း(၅၉ နှစ်) ရောက်လာခဲ့သည်။

၄င်းမှာ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းအတွက် အလုပ်သမားများလာရောက် ရှာ ဖွေသူဖြစ်ကြောင်း လမ်းစရိတ်အကုန်ကျခံကာ ပို့ဆောင်ပေးမည်ဖြစ်ပြီး လမ်းတွင်သုံးရန်အတွက် ငွေကျပ် ၅၀ဝ၀ဝ ပေးမည်ဖြစ်ကြောင်း အောင်မြင့်သိန်းက ပြောဆိုသဖြင့် အဆိုပါလူငယ်က အောင်မြင့်သိန်း၏နေအိမ်ဖြစ်သည့် ဒေါပုံမြို့နယ်သို့လိုက်သွားခဲ့သည်။

သားဖြစ်သူကို ကျားဖောင်တွင် အလုပ်သွင်းပေးမည်ဖြစ်ပြီး ကြိုတင်ငွေကျပ် ၈ သိန်းကို ၃ ရက်အတွင်းလွှဲပေးမည်ဖြစ်ကြောင်း အောင်မြင့်သိန်းကပြောဆိုသဖြင့် လူငယ်၏မိခင်က သဘောတူခဲ့ခြင်းဖြစ်ကာ လမ်းစရိတ်အဖြစ်ပေးထားသည့် ငွေများထဲမှ ကျပ် ၄၀ဝ၀ဝ ကို မိခင်အား ပေးအပ်ခဲ့သည်။

အဆိုပါလူငယ်ကို ဒလမြို့နယ်မှတစ်ဆင့် ဖျာပုံသို့ အငှားယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ပြီး မတင်တင်မော်(ခ) မမိမော် (စိစစ်ဆဲ) ၏ နေအိမ်တွင်တည်းခိုစေခဲ့သည်။ ထိုမှတစ်ဆင့် ရွှေနဒီ ငါးဖမ်းလုပ်ကွက်သို့ အဆိုပါလူငယ်ကို ခေါ်ဆောင်၍ ကျားဖောင်စာရေးထံတွင် သဘောတူစာချုပ်ချုပ်ဆိုကာ ငွေကျပ် ၈ သိန်းကို ဘယ်သူ့ကို ပေးရမလဲဟု မေးရာ ၄င်းက ဘယ်သူ့ကိုပေးပေး အဆင်ပြေကြောင်း ပြောဆိုခဲ့သည်။

အဆိုပါလူငယ်သည် မတင်တင်မော်(ခ) မမိမော် ၏ နေအိမ်တွင်နေထိုင်၍ ကျားဖောင်ကုန်ပို့သင်္ဘောကို နှစ် ရက်ခန့်စောင့်ဆိုင်းခဲ့ပြီး ကျားဖောင်သို့ ရောက်ရှိခဲ့သည်။ကျားဖောင်တွင် အလုပ်လုပ်ကိုင်နေစဉ် ၈ ရက်ခန့် အကြာ၌ ဖောင်ဦး စီးက ကျားဖောင်တွင်အလုပ်လုပ်ရန် စရံငွေ ၈ သိန်းကို ထုတ်ပေးရမလားဟု မေးမြန်းရာ အဆိုပါလူငယ်က ထုတ်ပေးရန် ပြောဆိုခဲ့သည်။

ကျားဖောင်တွင် တစ်လခန့်လုပ်ကိုင်ခဲ့ပြီးနောက် မိဘများနှင့် အဆက်အသွယ်မရရှိသဖြင့် သက်ဆိုင်ရာ၏ အကူအညီဖြင့် ခါးပြတ်ကျေးရွာသို့ ပြန်လာခဲ့သည်။ ကျားဖောင်စာရေး၏ ပြောပြချက်အရ ကြိုတင်ငွေကို မတင်တင်မော်(ခ) မမိမော်က ထုတ်ယူသွားကြောင်း သိရှိခဲ့ရသည်။ အဆိုပါငွေများကို အောင်မြင့်သိန်းက မိခင်ထံသို့လာရောက်ပေးအပ်ခြင်းမရှိကြောင်း သိရသဖြင့် လုပ်အားခေါင်းပုံဖြတ်သူနှစ်ဦးကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

သန်လျင်မြို့မရဲစခန်းက(ပ) ၃၉၇၂/၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အောင်မြင့်သိန်းကို ဖမ်းဆီးကာ မတင်တင်မော်(ခ) မိမော်ကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိသည်။