မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ယူရိုပါ လိဂ် ၃၂ သင်း ရှုံးထွက်အဆင့်မဲခွဲပြီးနောက် ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ရန် မျှော် လင့်ထားကြောင်း ပြောကြားခဲ့သည်။
ယူရိုပါ လိဂ် ၃၂ သင်း ရှုံးထွက်အဆင့် မဲခွဲပွဲကို ဒီဇင် ဘာ ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့၌ ကျင်းပခဲ့ရာ ယူရိုပါလိဂ် ချန်ပီယံဆု ရရှိခဲ့ဖူး သည့် မန်ယူမှာ ဘယ်လ်ဂျီယံကလပ် ဘရုဂျက် နှင့် တွေ့ဆုံခဲ့သည်။ ဘရုဂျက်သည် ယခုနှစ် ချန်ပီယံလိဂ်အုပ်စုတွင် ပီအက်စ်ဂျီ၊ ရီးရဲလ် မက်ဒရစ် အစရှိသည့် အသင်းကောင်းများနှင့် အကြိတ်အနယ် ကစားနိုင်ခဲ့သည်။
ဘရုဂျက်သည် ယခုနှစ် ဘယ်လ်ဂျီယံ ပရိုလိဂ် ၁၈ ပွဲ ကစားပြီးချိန်၌ အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသည်။ အသင်းလိုက် ကစားအား ကောင်းသည့် ဘရုဂျက်သည် မန်ယူကို အခက်တွေ့စေနိုင်မည်ဟု သုံးသပ်နေကြသည်။
နည်းပြဆိုးလ်ရှားက ဘရုဂျက်နှင့် ပီအက်စ် ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့ ကစားခဲ့သောပွဲများကို ကြည့်ခဲ့ရကြောင်း၊ ဘရုဂျက်မှာ ချန်ပီယံလိဂ် တွင်အကောင်းဆုံးကစားနိုင်ကြောင်း၊ အသင်းကောင်းလည်းဖြစ်ကြောင်း ခက်ခဲမည့်ပွဲစဉ်ဟု ပြောကြားခဲ့ပြီး ၁၆ သင်းအဆင့်သို့ တက်ရန် မျှော်လင့်ထားဟု အသိပေးခဲ့သည်။
ယူရိုပါလိဂ် မဲခွဲပွဲကို တက်ရောက်ခဲ့သော မန်ယူသံတမန်ဖြစ်သည့် တောင်ကိုရီးယား ကစားသမားဟောင်း ပက်ဂျီဆန်က ၃၂ သင်း အဆင့်တွင် ရင်ဆိုင်ရမည့် အသင်းတိုင်းမှာ မလွယ်ကူနိုင်ဟု ဖွင့်ဟခဲ့သည်။ မန်ယူသည် ၂၀၂၀ ဖေဖော်ဝါရီ ၂၀ ရက်တွင် ရှုံးထွက်ပထမ အကျော့အဖြစ် ဘရုဂျက်ကွင်းတွင် သွားရောက် ကစားရမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်၌ အိမ်ကွင်းပွဲကစားရမည်ဖြစ်ကြောင်း သိရသည်။















