ဟောင်ကောင်အကြီးအကဲ ကာရီ လမ်၏သတ္တိရှိမှုနှင့် တာဝန်ယူတတ်မှုတို့ကို ချီးကျူးပါကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ဟောင်ကောင် ပြည်မကြီးလက်ထဲသို့ ပြန်ရောက်ချိန်မှစ၍ ၂၀၁၉ ခုနှစ်သည် အရှုပ်ထွေးဆုံးနှင့် အခက်အခဲဆုံးဖြစ်ကြောင်း ရှီက လမ်ကို ပြောဆိုခဲ့သည်ဟု နိုင်ငံပိ်ုင်မီဒီယာကဖော်ပြခဲ့သည်။ လမ်တစ်ယောက် တာဝန်ယူတတ်မှုနှင့် သတ္တိရှိမှုတို့ကိုပြသခဲ့ပြီး ယင်းကို ဗဟိုအစိုးရက အသိအမှတ်ပြုပါကြောင်း ရှီကပြောဆိုခဲ့သည်။
ရှီနှင့် လမ်တို့တွေ့ဆုံပြီးနောက်တွင် လမ်၏နေရာတွင် အစားထိုးမည့်သူတစ်ဦးရှိလာနိုင်ကြောင်း ဟောင်ကောင်မီဒီယာများက ခန့်မှန်းခဲ့သည်။ ရှီသည် တွေ့ဆုံမှုနှင့်ပတ်သက်၍ တစ်စုံတရာပြောဆိုခြင်းမပြုခဲ့ဘဲ လမ်အား ထောက်ခံကြောင်းကိုသာ ထပ်မံပြောဆိုခဲ့သည်။
တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေသည့် ဟောင်ကောင်ရဲတပ်ဖွဲ့အား တရုတ်အစိုးရက လုံးဝထောက်ခံပါကြောင်း ရှီက ဆက်လက်ပြောဆိုခဲ့သည်။ တရုတ်သည် အမျိုးသားလုံခြုံရေးနှင့် အချုပ်အခြာအာဏာတို့ကိုခုခံရာတွင် ကျောက်ဆိုင်ခဲကဲ့သို့ ခိုင်ခိုင်မာမာရပ်တည်သွားမည်ဖြစ်ပြီး ဟောင်ကောင်အရေးတွင် ဝင်ရောက်စွက်ဖက်သည့် နိုင်ငံခြားအင်အားစုများကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ရှီက လွန်ခဲ့သောလတွင်ပြောဆိုခဲ့သည်။
ရှီ၏အသိအမှတ်ပြုမှုအတွက် စိတ်ခွန်အားတက်မိကြောင်း၊လွန်ခဲ့သော ခြောက်လအတွင်း လူမှုရေးမတည်ငြိမ်မှု၊ အကြမ်းဖက်မှုများရှိခဲ့သောကြောင့် ယခုနှစ်သည် ထူးခြားသော နှစ်ဖြစ်ကြောင်း လမ်က ရှီနှင့် တွေ့ဆုံပြီးနောက်ပြောဆိုခဲ့သည်။
သို့သော် မကြာသေးမီတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍မူ စိတ်ပျက်မိကြောင်း ဟောင်ကောင်အတွင်းဝန်ချုပ် မက်သယူးချောင်က ဒီဇင်ဘာ ၁၇ ရက်တွင်ပြောဆိုခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက်တွင် ဟောင်ကောင်၌ ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများကြား ထိပ်တိုက်ဆုံမှုရှိခဲ့ပြီး ရဲတပ်ဖွဲ့သည် မျက်ရည်ယိုဗုံးဖြင့် လူစုခွဲခဲ့ရသည်။ ရက်သတ္တပတ်နှစ်ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မျက်ရည်ယိုဗုံးပြန်သုံးခဲ့ရခြင်းဖြစ်သည်။

















