မွန်ဂိုလီးယားမော်ဒယ်ကို လက်စဖျောက်ပစ်ရန် နာဂျစ် ရာဇတ်ညွှန်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်ဟောင်းထွက်ဆို

မွန်ဂိုလီးယားမော်ဒယ်ကို လက်စဖျောက်ပစ်ရန် နာဂျစ် ရာဇတ်ညွှန်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်ဟောင်းထွက်ဆို

မွန်ဂိုလီးယားနိုင်ငံသူ မော်ဒယ် အယ်တန်တူယာ ရှာရီဘူးကို သတ်ဖြတ်ရန် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်သည် ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် ညွှန်ကြားခဲ့ကြောင်း မော်ဒယ်ကိုသတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခံထားရသည့် ရဲတပ်ဖွဲ့ဝင်ဟောင်းက ထွက်ဆိုခဲ့သည်ဟု မလေးရှားမီဒီယာများက ဒီဇင်ဘာ ၁၆ ရက်တွင်ဖော်ပြခဲ့သည်။

မော်ဒယ် အယ်တန်တူယာသည် နိုင်ငံခြားသူလျှိုတစ်ဦးဖြစ်သောကြောင့် ၎င်းကိုဖမ်းဆီးပြီး ဖျက်ဆီးပစ်ရန် ယင်းအချိ်န်က ဒုတိယဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်နေသည့် နာဂျစ်က ၂၀ဝ၆ ခုနှစ်တွင် ညွှန်ကြားခဲ့ကြောင်း မလေးရှားမီဒီယာများကဖော်ပြခဲ့သည်။ နိုင်ငံခြားသူလျှိုတစ်ဦးကို ဖမ်းဆီးပြီး ဖျက်ဆီးရန် ဆိုသည့် ညွှန်ကြားချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရန် ဒုတိယဝန်ကြီးချုပ်ကိုမေးမြန်းသည့်အခါ နာဂျစ်က လည်ပင်းကိုဖြတ်သည့် ဟန်ပြပြီး အသေပစ်သတ်ရန် ပြောဆိုခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်ဟောင်း  အဇီလာ ဟာဒရီကပြောဆိုခဲ့သည်။

နိုင်ငံခြားသူလျှို၏ ရုပ်အလောင်းကို ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့် ဖျောက်ဖျက်ရမည်ဖြစ်ပြီး ယင်းပေါက်ကွဲစေတတ်သော ပစ္စည်းများကို ယူတီကေသိုလှောင်ရုံတွင် ရနိုင်မည်ဖြစ်ကြောင်း နာဂျစ်ကပြောဆိုခဲ့သည်ဟု အဇီလာက ထွက်ဆိုခဲ့သည်။ ယူတီကေဆိုသည်မှာ အထူးရဲတပ်ဖွဲ့ကိုဆိုလိုသည်။

၎င်းနှင့် ယူတီကေတပ်ဖွဲ့ဝင်ဟောင်း ဆီရူ အာဇာ အူမာတို့အား လူသတ်မှုဖြင့် သေဒဏ်ချမှတ်ထားသည့် ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ပေးရန် အဇီလာက ပြည်ထောင်စုတရားရုံးသို့ လျှောက်ထားခဲ့သည်။ ထို့ပြင် မွန်ဂိုလီးယားမော်ဒယ်အသတ်ခံရမှုကို ပြန်လည်ရုံးတင်စစ်ဆေးပေးရန်လည်း ၎င်းကတောင်းဆိုခဲ့သည်။

၂၀ဝ၆ ခုနှစ်တွင် အယ်တန်တူယာသည် သေနတ်ဖြင့်ပစ်ခတ်ခံရပြီးနောက် ၎င်း၏ရုပ်အလောင်းကို စစ်ဘက်သုံးအဆင့်ရှိ စီဖောပေါက်ကွဲစေတတ်သောပစ္စည်းများဖြင့် ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည်။ အယ်တန်တူယာသည် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ၂၀ဝ၀ မှ ၂၀ဝ၈ ခုနှစ်အထိ နိုင်ငံရေးအကြံပေးခဲ့သည့် အက်ဗ်ဒူ ရာဇက် ဘာဂင်ဒါ၏ချစ်သူဖြစ်ကြောင်း ယူဆခံထားရသည်။ အဇီလာနှင့် ဆီယူတို့သည် အယ်တန်တူယာကို သတ်ဖြတ်မှုဖြင့် ၂၀ဝ၉ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။