မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ကုလပိတ်ဆို့မှုအချို့ ဖြေလျှော့ပေးရန် တရုတ်နှင့် ရုရှားတောင်းဆို

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ကုလပိတ်ဆို့မှုအချို့ ဖြေလျှော့ပေးရန် တရုတ်နှင့် ရုရှားတောင်းဆို

ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများထဲမှ မြောက်ကိုရီးယား၏ရုပ်တုများ၊ ပင်လယ်စာနှင့် အထည်အလိပ်တို့တင်ပို့ခြင်းအပေါ် ပိတ်ပင်ထားမှုအား ရုပ်သိမ်းပေးရန် တရုတ်နှင့် ရုရှားတို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အဆိုတင်သွင်းရန် ပြင်ဆင်နေပြီဖြစ်သည်။

ထို့ပြင် ပြည်ပတွင်အလုပ်လုပ်ကိုင်နေသည့် မြောက်ကိုရီးယားနိုင်ငံသားများအပေါ် ပိတ်ပင်ချက်ချမှတ်ထားခြင်းနှင့် ယင်းအလုပ်သမားများ လာမည့်ရက်သတ္တပတ်တွင် ပြည်တော်ပြန်ရန် ညွှန်ကြားထားခြင်းတို့ကိုလည်း ရုပ်သိ်မ်းပေးရန် တရုတ်နှင့် ရုရှားတို့ တင်သွင်းမည့် မူကြမ်းတွင် ဖော်ပြထားသည်။ ကိုရီးယားနှစ်နိုင်ငံကြား ရထားလမ်း၊ကားလမ်းဆက်သွယ်မှုဆိုင်ရာ စီမံကိန်းများကိုလည်း ကုလပိတ်ဆို့မှုများမှ ဖယ်ရှားပေးရန်လည်း တောင်းဆိုထားသည်။

အဖွဲ့ဝင် ၁၅ နိုင်ငံရှိသော လုံခြုံရေးကောင်စီသို့ ဆုံးဖြတ်ချက်မူကြမ်းကို မည်သည့်အချိန်တွင် တင်သွင်းမည်ကို မသိရှိရသေးချေ။ ဆုံးဖြတ်ချက်ကို အတည်ပြုနိုင်ရန် အဖွဲ့ဝင် ကိုးနိုင်ငံက အတည်ပြုပြီး အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှားနှင့် တရုတ်တို့က ဗီတိုအာဏာဖြင့် မပယ်ချရန် လိုအပ်နေသည်။

အလျှင်လိုခြင်းမရှိကြောင်း၊ ရုပ်သိမ်းပေးရန် တောင်းဆိုသည့် ပိတ်ဆို့မှုများသည် မြောက်ကိုရီးယား၏နျူကလီးယားစီမံကိန်းနှင့်ပတ်သက်မှုမရှိဘဲ လူသားချင်းစာနာထောက်ထားရေးကိစ္စနှင့်သာ သက်ဆိုင်ကြောင်း ကုလဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်စလီ နဲဘန်ဇီယာက ရိုက်စ်တာသတင်းဌာနသို့ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် ရန်လိုသော လှုံ့ဆော်မှုများကို တိုးမြှင့်ပြုလုပ်နေပြီး နျူလက်နက်ဖျက်သိမ်းရေးကိုဆွေးနွေးလိုခြင်းမရှိဘဲ အစုလိုက်အပြုံလိုက်သေဆုံးစေမည့် လက်နက်များထုတ်လုပ်ရန် တာစူနေသည့်အချိန်တွင် ပိတ်ဆို့မှုများကို ရုပ်သိမ်းရန်မဖြစ်နိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။

ရုရှားနှင့် တရုတ်တို့က ပိတ်ဆို့မှုများရုပ်သိမ်းပေးရန် တောင်းဆိုထားသည့် ကဏ္ဍများကြောင့် မြောက်ကိုရီးယားသည် ယခင်က ဒေါ်လာသန်းပေါင်းများစွာကိုရရှိခဲ့ပြီး မြောက်ကိုရီးယား၏နျူနှင့် ဒုံးကျည်စီမံကိန်းများအတွက် ရန်ပုံငွေဖြတ်တောက်ရန် ကြိုးပမ်းမှုအဖြစ် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် နျူနှင့် တိုက်ချင်းပစ်ဒုံးကျည်စီမံကိန်းများကို မစွန့်လွှတ်မချင်း ကုလပိတ်ဆို့မှုများကို ရုပ်သိမ်းမည်မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ်တို့က ပြောဆိုထားပြီးဖြစ်သည်။