ဖိလစ်ပိုင်၌ နိုင်ငံရေးအရအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားရုံး စီရင်ချက်ချမည်

ဖိလစ်ပိုင်၌ နိုင်ငံရေးအရအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားရုံး စီရင်ချက်ချမည်

ဖိလစ်ပိုင်နိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်သည့် နိုင်ငံရေးအရ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ မနီလာရှိ တရားရုံးတစ်ရုံးသည် ဒီဇင်ဘာ ၁၉ ရက်တွင် စီရင်ချက်ချမှတ်မည်ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်တွင် မီဒီယာဝန်ထမ်း ၃၂ ဦးအပါအဝင် လူ ၅၈ ဦးသတ်ဖြတ်ခံရပြီး ရုပ်အလောင်းများကို လမ်းနံဘေးတွင် အစုလိုက်အပြုံလိုက်မြှုပ်နှံခဲ့သည်။ ယင်းဖြစ်ရပ်ပြီးနောက်တွင် ဖိလစ်ပိုင်ရှိ နိုင်ငံရေးသမားများ သြဇာကြီးလွန်းပြီး သေနတ်များကို အလွယ်တကူရရှိခြင်းနှင့် ပြစ်ဒဏ်ကျခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိနေခြင်းတို့နှင့်ပတ်သက်၍ နိ်ုင်ငံတကာတွင် လူသိထင်ရှားရှိလာခဲ့သည်။

ယင်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့်ဆက်စပ်၍ လူ ၁၀၁ ဦးကို ရုံးတင်စစ်ဆေးခဲ့သော်လည်း လာဘ်ပေးမှုများ၊ မျက်မြင်သက်သေများအသတ်ခံရမှုနှင့် သြဇာကြီးလွန်သူများ ပြစ်ဒဏ်ကျခံရခြင်းမရှိဘဲ လွတ်မြောက်နိုင်ခြေရှိမှုတို့ကြောင့် စိုးရိမ်စရာများရှိလာခဲ့သည်။

အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါက လူ့အခွင့်အရေးကျူးလွန်သူများ လူသတ်မှုဖြင့် လွတ်မြောက်ချင်တိုင်းလွတ်မြောက်ခွင့်ရနေမည်မဟုတ်သည်ကို သတိပေးလိုက်ခြင်းဖြစ်လာနိုင်ကြာင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ သုတေသနပညာရှင် ကာလို့စ် ကွန်ဒဲကပြောဆိုခဲ့သည်။

အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါက လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့အတွက် ဆိုးကျိုးကြီးရှိလာမည်ဖြစ်ကာ သြဇာကြီးမားသူများသည် အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကို ထင်တိုင်းပြုလုပ်ခွင့်ရသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ဖိလစ်ပိ်ုင်တောင်ပိုင်း မာဂူယင်ဒါနောင်ခရိုင်ကို အုပ်ချုပ်နေသည့် အမ်ပါတူယံမိသားစုမှ ခေါင်းဆောင်များသည် ၂၀ဝ၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံရေးပြိုင်ဘက်တစ်ဦး၏မိသားစုဝင်များကို သတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

သံသယရှိသူ ၁၀၁ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် နှစ် ၃၀အထိ ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေကြောင်း သေဆုံးသူများ၏မိသားစုများကို ကိုယ်စားပြုသည့် ရှေ့နေများကပြောဆိုခဲ့သည်။  နိုင်ငံရေးပြိုင်ဘက်၏ ဇနီး၊ ဆွေမျိုး၊ ရှေ့နေနှင့် သတင်းထောက်များကို သယ်ဆောင်လာသည့် ယာဉ်တန်းသည် နေ့ခင်းကြောင်တောင်ကြီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

ယင်းအချိန်က သမ္မတ ဂလိုရီယာ အာရိုယိုသည် နိုင်ငံတောင်ပိုင်းရှိ မွတ်စလင်သူပုန်များကို တိုက်ခိုက်ရာတွင် အကူအညီအဖြစ် အမ်ပါတူယံမိသားစုကို သည်းခံခဲ့ကြောင်း ပြောဆိုမှုများရှိနေသည်။