၇၃၇ မက်စ် လေယာဉ်များ ထုတ်လုပ်မှု ဇန်နဝါရီတွင် ဘိုးရင်းက ခေတ္တ ရပ်နားထားမည်

၇၃၇ မက်စ် လေယာဉ်များ ထုတ်လုပ်မှု ဇန်နဝါရီတွင် ဘိုးရင်းက ခေတ္တ ရပ်နားထားမည်

အမေရိကန်အခြေစိုက် ဘိုးရင်း လေယာဉ်ကုမ္ပဏီသည် နည်းပညာနှင့် ဘေးကင်းလုံခြုံရေး စည်းမျဉ်းစည်းကမ်း ပြဿနာများ ကြုံနေရသော ၇၃၇ မက်စ် ၈ လေယာဉ်များ ထုတ်လုပ်မှုကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ခေတ္တ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

၇၃၇ မက်စ် လေယာဉ်နှစ်စင်း ပျက်ကျမှုနောက်ပိုင်း ထိုလေယာဉ်များ နိုင်ငံတကာ၌ ပျံသန်းခွင့် ပိတ်ပင်ခံထားရသည်မှာ ကိုးလရှိလာပြီဖြစ်သည့်တိုင် ဘိုးရင်းသည် ထိုလေယာဉ်များကို ဆက်လက်ထုတ်လုပ်နေခဲ့သည်။ ၇၃၇ မက်စ်တွင် ထပ်တိုးပါဝင်လာသည့် လေယာဉ်ထိန်းချုပ်စနစ်သစ် တစ်ရပ်တွင် ပြဿနာရှိမှုကြောင့် အင်ဒိုနီးရှားနှင့် အီသီယိုးပီးယားတွင် လေယာဉ်နှစ်စင်း ပျက်ကျခဲ့ကာ လူ ၃၀ဝ ကျော် သေဆုံးခဲ့ရသည်။ ယခုနှစ်ကုန်တွင် ၇၃၇ မက်စ် လေယာဉ်များ ပျံသန်းခွင့် ပြန်လည်ရရှိမည်ဟု ဘိုးရင်းက မျှော်မှန်းထားသော်လည်း အမေရိကန် စုံစမ်းစစ်ဆေးသူများက ထိုမျှမြန်မြန် ခွင့်ပြုချက်ရရန် မဖြစ်နိုင်ကြောင်း ဘိုးရင်းကို သတိပေးထားကြသည်။

ဆီယက်တဲတွင် အခြေစိုက်သော ဘိုးရင်းသည် အမေရိကန်တွင် အကြီးဆုံးသော ပို့ကုန်အားပြု ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်သည်။ ၇၃၇ မက်စ် ထုတ်လုပ်မှုများ ခေတ္တရပ်နားထားမှုကြောင့် ဝန်ထမ်းလျှော့ချရန် မရှိသော်လည်း ၇၃၇ မက်စ်နှင့် ဆက်စပ်သော ကုန်ပစ္စည်းပေးသွင်းသူများ ထိခိုက်ရနိုင်ကြောင်း ဘိုးရင်းက သတိပေးထားသည်။

၇၃၇ မက်စ် ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းထားရန် ဆုံးဖြတ်ခြင်းသည် ဘိုးရင်းသာမက ပစ္စည်းပေးသွင်းသူများနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများအပေါ်ပါ ထိခိုက်မှု ရှိလာနိုင်ကြောင်း ခရီးသွားလာရေးလုပ်ငန်း သုံးသပ်သူ ဟင်နရီ ဟားဗာ့တ်ကလည်း ပြောသည်။

၇၃၇ မက်စ် လေယာဉ်များ ပျံသန်းခွင့် ပိတ်ပင်ခံရခြင်းကြောင့်ပင် လက်ရှိအချိန်ထိ ဘိုးရင်းသည် ဒေါ်လာ ၉ ဘီလျံစာခန့် နစ်နာခဲ့ရပြီးဖြစ်သည်။ ၇၃၇ မက်စ် ထုတ်လုပ်မှုများ ရပ်ဆိုင်းတော့မည်လောဟု ဒီဇင်ဘာ ၁၆ ရက်တွင် သုံးသပ်မှုများ ထွက်လာပြီးနောက်တွင် ဘိုးရင်း ရှယ်ယာတန်ဖိုးသည်လည်း ၄ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။ထုတ်လုပ်ထားပြီးသား ၇၃၇ မက်စ် လေယာဉ် လေးရာနီးပါးကို သိမ်းဆည်းထားကြောင်း ဘိုးရင်းက ပြောသည်။