ဘရက်ဇစ် အကူးအပြောင်းကာလ ၂၀၂၀ ပြည့်နှစ်ထက် မကျော်လွန်စေရေး ဝန်ကြီးချုပ် ဂျွန်ဆင် ကန့်သတ်ရန် ပြင်ဆင်

ဘရက်ဇစ် အကူးအပြောင်းကာလ ၂၀၂၀ ပြည့်နှစ်ထက် မကျော်လွန်စေရေး ဝန်ကြီးချုပ် ဂျွန်ဆင် ကန့်သတ်ရန် ပြင်ဆင်

ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်မှုလုပ်ငန်းစဉ် (ဘရက်ဇစ်) ကို ၂၀၂၀ ပြည့်နှစ်ထက် မကျော်လွန်စေရေးအတွက် ကန့်သတ်ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြင်ဆင်လျက်ရှိကြောင်း ဗြိတိန် မီဒီယာများက ဒီဇင်ဘာ ၁၇ ရက်တွင် ဖော်ပြကြသည်။
 

လာမည့် ၁၁ လအတွင်း ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးသဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခြင်း မရှိပါက ၂၀၂၀ ပြည့်နှစ်ကုန် မကျော်စေရဟူသော ကန့်သတ်ဥပဒေကြောင့် ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့ အချင်းများစရာ ရှိလာနိုင်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။ ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်တွင် ဗြိတိန်သည် ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးလျှင်ပင် လက်တွေ့တွင်ကား ဗြိတိန်သည် နာမည်အရသာ နုတ်ထွက်သည့်အဆင့်၌သာ ရှိဦးမည်ဖြစ်ပြီး အခြားအချက်များတွင် သမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်ရှိနေဦးမည်ဖြစ်ကာ ကုန်သွယ်ရေးစည်းမျဉ်းများ ဆက်လက်ဆွေးနွေးအတည်ပြုရဦးမည် ဖြစ်သည်။၂၀၂၀ နှစ်ကုန်မကျော်စေရေး ဝန်ကြီးချုပ် ဂျွန်ဆင်က ကန့်သတ်ခြင်းဖြင့် ဘရက်ဇစ် အကူးအပြောင်း ညှိနှိုင်းရေးကာလကို သုံးနှစ်မှ ၁၁ လသို့ လျှော့ချလိုက်ခြင်းလည်း ဖြစ်သည်။

ဘရက်ဇစ်အရေးကို လွှတ်တော်က အတည်ပြုနိုင်ရန်အတွက် ဒီဇင်ဘာ ၂၀ ရက်တွင် ဂျွန်ဆင်က တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်များသည် လွှတ်တော်အတွင်း လူများစုနေရာ ရရှိခဲ့သဖြင့်လည်း ဥပဒေများကို လိုအပ်ပါက ပြင်ဆင်နိုင်ခွင့် ရရှိထားသည်။ လွှတ်တော်၏ ကျောထောက်နောက်ခံကို လုံလောက်စွာ ရရှိထားသောကြောင့် ဝန်ကြီးချုပ် ဂျွန်ဆင်သည် ၁၁ လအတွင်း ကုန်သွယ်ရေးသဘောတူချက် အပြီးသတ် ဆွေးနွေးမည်ဟု ဥရောပသမဂ္ဂကို အကြောင်းကြားနိုင်ခြင်းလည်း ဖြစ်သည်။

ဘရက်ဇစ်ဆိုင်ရာ ဥရောပသမဂ္ဂ၏ အထူးကိုယ်စားလှယ် မီရှဲ ဘာနီကမူ ၁၁ လဟူသော အချိန်သည် ပြည့်စုံလုံလောက်သော ကုန်သွယ်ရေးသဘောတူချက် ညှိနှိုင်းသတ်မှတ်ရန် မလုံလောက်နိုင်ကြောင်း သတိပေးထားသည်။