အလွန်အမင်း ပြုပြင်ပြောင်းလဲထားသည့် စားသောက်ကုန်များကို အလွန်အကျွံ စားသုံးသူများသည် သဘာဝအစားအစာများကို စားသုံးသူများနှင့်ယှဉ်လျှင် ဆီးချိုဖြစ်နိုင်ခြေ ပိုများကြောင်း လေ့လာမှုစစ်တမ်းတစ်ရပ်က ဖော်ပြသည်။
အလွန်အမင်း ပြုပြင်ပြောင်းလဲထားသည့် စားသောက်ကုန်များသည် သကြားနှင့် အဆီဓာတ် ပိုများသလို၊ ကယ်လိုရီလည်း ပိုများသည်။ ထိုဓာတ်များကို ကာလတာရှည် လွန်ကဲစားသုံးပါက ဆီးချိုအပြင်၊ နှလုံး၊ သွေးတိုး၊ အဝလွန်နှင့် အချို့သော ကင်ဆာများပါ ဖြစ်စေနိုင်ခြေရှိကြောင်း စစ်တမ်းက ဆိုသည်။ အလွန်အမင်း ပြုပြင်ပြောင်းလဲထားသည့် စားသောက်ကုန်များကို အလွန်အကျွံစားသုံးသူ တစ်သိန်းအနက် ၁၆၆ ဦးသည် အမျိုးအစား ၂ ဆီးချိုဖြစ်ပွားကြောင်း တွေ့ရပြီး၊ အလွန်အကျွံ မစားသူများထဲတွင်ကား ၁၁၆ ဦးသာ ဖြစ်ပွားကြောင်း တွေ့ရှိရသည်။ လေ့လာမှုစစ်တမ်းကို JAMA Internal Medicine တွင် ထည့်သွင်းဖော်ပြထားသည်။
လေ့လာမှုစစ်တမ်းကို Paris 13 University တက္ကသိုလ်မှ သုတေသီ ဘားနတ် ဆာရာနှင့် မာသီဒါ တိုဗီယာတို့က ဦးဆောင်ပြုစုထားခြင်း ဖြစ်သည်။ ဆီးချို ဖြစ်ပွားနိုင်ခြေ လျှော့ချလိုသူများသည် ပြုပြင်ပြောင်းလဲထားသည့် စားသောက်ကုန်များအပြင် အသားကြီးငါးကြီးနှင့် သကြားဓာတ်ကဲသော စားသောက်ကုန်များ စားသုံးမှုကိုလည်း လျှော့ချရမည်ဖြစ်ကြောင်း စစ်တမ်းက အကြံပြုသည်။ ဒိန်ချဉ်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အဆံများကို တိုးမြှင့်စားသုံးခြင်းဖြင့် ဆီးချို ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ကြောင်းလည်း စစ်တမ်းက ဆိုသည်။
သုတေသီအဖွဲ့သည် ဆီးချိုမရှိသေးသည့် အရွယ်ရောက်ပြီးသူ ၁၀၄၀ဝ၀ ကို လေ့လာခဲ့ခြင်းဖြစ်သည်။ ပါဝင်သူများသည် စစ်တမ်းအစကာလတွင် ၄၃ နှစ် ဝန်းကျင်များဖြစ်ပြီး ထိုသူများကို ခြောက်နှစ်ကြာ လေ့လာခဲ့ခြင်းဖြစ်သည်။
အလေ့လာခံများ၏ ၁၇ ရာခိုင်နှုန်းသည် အလွန်အမင်း ပြုပြင်ပြောင်းလဲထားသည့် စားသောက်ကုန်များကို ပုံမှန်စားသုံးလေ့ရှိသူများဖြစ်ပြီး ကယ်လိုရီလည်း ပိုစားသုံးကာ ကိုယ်လက်လှုပ်ရှားမှုလည်း နည်းသဖြင့် အဝလွန်နိုင်ခြေ ပိုများကြကြောင်း တွေ့ရှိခဲ့ရသည်။လေ့လာမှုကာလအတွင်း လူ ၈၂၁ ဦးတွင် ဆီးချိုဖြစ်ပွားလာကြောင်း တွေ့ရသည်။စားသောက်မှုတွင် အလွန်အမင်း ပြုပြင်ထားသည့် စားသောက်ကုန် ၁၀ ရာခိုင်နှုန်း တိုးလာတိုင်း ဆီးချိုဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း တိုးလာလေဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

















