သူနာပြုနှင့် အခြား ကျွမ်းကျင်လုပ်သား ပြတ်လပ်မှုကြောင့် ပြည်ပလုပ်သားများ ခေါ်ယူရန် ဂျာမနီ ချိန်ဆနေ

သူနာပြုနှင့် အခြား ကျွမ်းကျင်လုပ်သား ပြတ်လပ်မှုကြောင့် ပြည်ပလုပ်သားများ ခေါ်ယူရန် ဂျာမနီ ချိန်ဆနေ

ဂျာမနီနိုင်ငံတွင် သူနာပြုနှင့် အခြား ကျွမ်းကျင်လုပ်သားများ ပြတ်လပ်မှုကြောင့် ဥရောပသမဂ္ဂ အပြင်ဘက်နိုင်ငံများမှ ကျွမ်းကျင်လုပ်သားများ ခေါ်ယူရန် ချိန်ဆလျက်ရှိကြောင်း ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကယ်က ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ပြောကြားသည်။

နိုင်ငံအတွင်း ကျွမ်းကျင်လုပ်သား ရှားပါးမှု ဖြေရှင်းရန်အတွက် ဦးစားပေး လုပ်ငန်းစဉ်မှာ ဂျာမနီ နိုင်ငံသားများကို စွမ်းရည်မြှင့်တင်ပေးရန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများထဲမှ ကျွမ်းကျင်လုပ်သားများ ခေါ်ယူရေးဖြစ်ကြောင်း မာကယ်က ပြောသည်။ သို့သော် လုပ်သားပြတ်လပ်မှု ဖြေရှင်းရန် ထိုအဆင့်နှင့် မလုံလောက်သဖြင့် ဒုတိယအဆင့်အဖြစ် ဥရောပသမဂ္ဂ ပြင်ပနိုင်ငံများမှ ကျွမ်းကျင်လုပ်သားများ ခေါ်ယူရေးကိုလည်း ချိန်ဆလျက်ရှိကြောင်း မာကယ်က ပြောသည်။ ပြည်ပ ကျွမ်းကျင်လုပ်သားများအတွက် ဗီဇာများ လျင်မြန်စွာ ထုတ်ပေးရေး၊ ဂျာမနီသည် ပြောင်းရွှေ့အခြေချ အလုပ်လုပ်ချင်စရာ နိုင်ငံအဖြစ် ရှုမြင်လာကြစေရေး အားထုတ်ရဦးမည်ဖြစ်ကြောင်း မာကယ်က ပြောသည်။

ယနေ့ ကမ္ဘာ့နိုင်ငံများသည် ကျွမ်းကျင် ပရော်ဖက်ရှင်နယ်လုပ်သားများကို အပြိုင်အဆိုင် ဆွဲဆောင်နေကြသဖြင့် ဂျာမနီအတွက်လည်း စိန်ခေါ်မှု ကြီးမားကြောင်း မာကယ်က ပြောသည်။ မတ်လ ၁ ရက်တွင် စတင်သက်ရောက်မည့် ဥပဒေသည် ဥရောပသမဂ္ဂ အပြင်ဘက်နိုင်ငံများမှ ကျွမ်းကျင်လုပ်သားများ ဂျာမနီတွင် အလုပ်ရှာဖွေခွင့်၊ အလုပ်လုပ်ကိုင်ခွင့် ရရှိစေမည့် ဗီဇာများ ထုတ်ပေးရေး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ် ဘွဲ့ရများသာမက သက်ဆိုင်ရာ နယ်ပယ်တွင် ကျွမ်းကျင်သူများ၊ ဂျာမနီ ဘာသာစကား တတ်ကျွမ်းသူများကို ဦးစားပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ ဂျာမနီတွင် သတင်းနည်းပညာကဏ္ဍနှင့် သူနာပြုကဏ္ဍများသည် လုပ်သားပြတ်လပ်မှုနှင့် ဆိုးဆိုးဝါးဝါး ကြုံနေရသည်။

ဂျာမနီ စီးပွားရေး နှေးကွေးနေသည့်တိုင် ဂျာမနီတွင် ကုမ္ပဏီအများအပြားသည် ကျွမ်းကျင်လုပ်သား မလုံလောက်သည့် ပြဿနာ ရင်ဆိုင်နေရကြောင်း၊ ဂျာမနီ ကုမ္ပဏီ ထက်ဝက်ကျော်အတွက် ကျွမ်းကျင်လုပ်သား မလုံလောက်မှုသည် လုပ်ငန်းထိခိုက်ကျဆင်းရစေမည့် အကြီးဆုံးအန္တရာယ်ဖြစ်နေကြောင်း ဂျာမနီ စီးပွားနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အဲရစ် ရွှက်ဇာက ပြောသည်။