အချုပ်ခန်းဖောက် ထွက်ပြေးသူအချုပ်သား ဖမ်းမိ

အချုပ်ခန်းဖောက် ထွက်ပြေးသူအချုပ်သား ဖမ်းမိ

မန္တလေးမြို့အောင်မြေသာစံမြို့နယ် တရားရုံး၏အချုပ်မှ ဖောက်ထွင်း ထွက်ပြေးသွားသူကို ဖမ်းဆီးရမိခဲ့ကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်နေ ငမောင်(ခ)မောင်မောင်(၂၆ နှစ်)ကို အောင် မြေသာစံမြို့နယ်တရားရုံး၌ ရုံးထုတ်ရန် တရားရုံးအချုပ်တွင် ထားရှိစဉ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

၄ လခန့်အကြာ ဒီဇင်ဘာ ၁၇ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ် (၅၇)လမ်းနှင့် ယောမင်းကြီးလမ်းဆုံ၌ ဆိုင်ကယ်စီးနင်းလာသည့် ငမောင်(ခ)မောင်မောင်ကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က စစ်ဆေးရန် တားဆီးစဉ် မောင်းနှင်ထွက်ပြေးသွားခဲ့သောကြောင့် လိုက်လံလုံးထွေးဖမ်းဆီးရာမှ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

သြဂုတ် ၂၈ ရက်တွင် အောင်မြေသာစံမြို့နယ်အတွင်းရှိ နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း ၁၀ဝ ကျော်ခိုးယူမှုဖြင့် ၄င်းကို ရဲတပ်ဖွဲ့က  ဖမ်းဆီးခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် ချုပ်ရမန်ရယူရန် တရားရုံးသို့ အခြားအချုပ်သားနှစ်ဦးဖြင့် ခေါ်ဆောင်လာစဉ် တရားရုံးအချုပ်ခန်းမှ ဖောက်ထွင်းထွက်ပြေးသွားခြင်းဖြစ်သည်။