ကျောက်တံခါးမြို့နယ်ရှိ အမိန့်ရအပေါင်ဆိုင်သို့ ရွှေအတုများလာရောက်ပေါင်နှံသူ အမျိုးသမီးကို သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့က ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာ၁၇ရက်နံနက်၉နာရီခွဲခန့်တွင် ပဲခူးတိုင်းဒေသကြီးကျောက်တံခါးမြို့မရဲစခန်းအပိုင် ကျောက်တံခါးမြို့ဈေးပိုင်းရပ်ကွက်အောင်သုခလမ်းရှိ အမိန့်ရအိုကေအပေါင်ဆိုင်၌ အမျိုးသမီးတစ်ဦး ရွှေအတုများလာပေါင်နှံကြောင်း သတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။
စုံစမ်းချက်အရ ရွှေအတုများလာရောက်ပေါင်နှံသူမှာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နေ မနွယ်နွယ်ဦး၃၂နှစ်ဖြစ်ပြီး ၎င်းတွင်ပါလာသောMICရွှေဆွဲကြိုးတစ်ကုံးနှင့် ပိုက်လုံးလက်ကောက်နှစ်ကွင်းတို့ကို ငွေကျပ် ၁၆ သိန်းဖြင့် လာရောက်ပေါင်နှံစဉ် ဆိုင်ပိုင်ရှင်အောင်လင်းသူက မသင်္ကာသဖြင့် မှတ်ကျောက်တင်စစ်ဆေးခဲ့ရာမှ ရွှေရည်စိမ်အတုများဖြစ်နေကြောင်း သိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ကျောက်တံခါးမြို့မရဲစခန်းက(ပ)၇၈၂/၁၉ ရာဇသတ်ကြီးပုဒ်မ၄၂၀ အရ အမှုဖွင့်အရေးယူထားသည်။

















