တရုတ် ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော တာဝန်ပေးအပ်ပွဲပြုလုပ်

တရုတ် ပထမဆုံးပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော တာဝန်ပေးအပ်ပွဲပြုလုပ်

တရုတ်နိုင်ငံ၏ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့ပြီး တရုတ် သမ္မတရှီကျင့်ဖျင်သည် ယင်းအခမ်းအနားကို တက်ရောက်ခဲ့သည်။

တရုတ်၏ပထမဆုံး လေယာဉ်တင်သင်္ဘောမှာ ရှောင်နင်းဖြစ်ပြီး ယူကရိန်းထံမှကိုယ်ထည်ကိုဝယ်ယူပြီး ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်သည်။ ဒုတိယလေယာဉ်တင်သင်္ဘော ရှန်တုံအား တာဝန်ပေးအပ်သည့်အခမ်းအနားကို ဆန်ယာမြို့နားရှိ ရေတပ်စခန်းတွင်ပြုလုပ်ခဲ့ပြီး ရေတပ်သား ၅၀ဝ၀ နှင့် လေယာဉ်တင်သင်္ဘောတည်ဆောက်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။

ရှီသည် ရှန်တုံလေယာဉ်တင်သင်္ဘောပေါ်သို့တက်ရောက်ပြီး တရုတ်နိုင်ငံအလံနှင့် ဂုဏ်ပြုလက်မှတ်တို့ကို ချီးမြှင့်ခဲ့ကာ ရေတပ်သားများနှင့် တွေ့ဆုံစကားပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာကဖော်ပြခဲ့သည်။ ရေတပ်သားများအနေဖြင့် ပါတီနှင့်ပြည်သူတို့အကျိုးအတွက် ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်ရန် ရှီက တိုက်တွန်းပြောဆိုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။ ရှန်တုံလေယာဉ်တင်သင်္ဘောသည် အမေရိကန်ရေငုပ်သင်္ဘောများကဲ့သို့ နျူစွမ်းအင်သုံးမဟုတ်ဘဲ အရည်လောင်စာသုံးသင်္ဘောဖြစ်သည်။

အလေးချိန် တန် ၅၀ဝ၀ဝ ရှိသည့် ရှန်တုံကို ဒေလီယံရှိ သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ယမန်နှစ်တွင် ရေချစမ်းသပ်မှုအောင်မြင်ခဲ့သည်။ သင်္ဘောပေါ်တွင် တရုတ်ထုတ် ဂျီ-၁၅ တိုက်လေယာဉ်များကိုထားရှိမည်ဖြစ်သည်။ လွန်ခဲ့သောလတွင် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး ဟိုင်နန်ကျွန်းသို့သွားရောက်ခဲ့စဉ် ထိုင်ဝမ်စစ်တပ်သည် စစ်သင်္ဘောများ၊ လေယာဉ်များကိုသုံးပြီး စိုးရိမ်တကြီးစောင့်ကြည့်ခဲ့ရသည်။