နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဆန္ဒပြမှုများရှိသော်လည်း အလျှော့ပေးမည်မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် ပြော

နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ဆန္ဒပြမှုများရှိသော်လည်း အလျှော့ပေးမည်မဟုတ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် ပြော

နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေကြမ်းနှင့်ပတ်သက်၍ ဆန္ဒပြမှုများဖြစ်ပွားနေသော်လည်း အစိုးရအနေဖြင့် အလျှော့ပေးစရာမရှိကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ဒီဇင်ဘာ ၁၇ ရက်တွင်ပြောဆိုခဲ့သည်။

ဥပဒေအရ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့မှ ဖိနှိပ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် မွတ်စလင်မဟုတ်သူများအား နိုင်ငံသားဖြစ်ခွင့်ပြုမည်ဖြစ်သည်။ အစိုးရက ဒုက္ခရောက်နေသူများကို အကူအညီပေးရန် ဥပဒေကို အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အတိုက်အခံများကမူ မိုဒီ၏အစိုးရသည် အိန္ဒိယရှိ မွတ်စလင်များကို ဖယ်ထုတ်ရန် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဟိန္ဒူ၊ မွတ်စလင်၊ ဆစ်ခ်၊ ဂျိန်းစ်၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များအပါအဝင် အိန္ဒိယနိုင်ငံသားများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း မိုဒီက ပြောဆိုခဲ့သည်။ အတိုက်အခံများသည် လိမ်လည်မှုများနှင့် ကောလာဟလများကို ဖြန့်ချိနေပြိီး အကြမ်းဖက်မှုဖြစ်ပွားအောင် လှုံ့ဆော်နေကြောင်း မိုဒီကပြောဆိုခဲ့သည်။

ဆန္ဒပြမှုများရှိနေသော်လည်း အစိုးရသည် ကျောက်ဆိုင်ကဲ့သို့ ခိုင်ခိုင်မာမာရပ်တည်ကာ အလျှော့ပေးလိမ့်မည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး အာမစ် ရှားကပြောဆိုခဲ့ပြီးဖြစ်သည်။

အိန္ဒိယနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပွားနေခြင်းဖြစ်သည်။ ဥပဒေသည် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည့် တန်းတူညီမျှမှုနှင့် အရပ်ဘက်အစဉ်အလာဦးစားပေးမည်ဆိုသည့်အချက်များကို ချိုးဖောက်နေကြောင်း ဥပဒေကို ဆန့်ကျင်သူများကပြောဆိုခဲ့သည်။ အခြားလူများ အထူးသဖြင့် နယ်စပ်ပြည်နယ်များတွင် နေထိ်ုင်သူများကမူ အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့မှ နိုင်ငံခြားသားများရောက်ရှိလာမည်ကို စိုးရိမ်ကြသည်။

ဆန္ဒပြကျောင်းသားများကမူ ဥပဒေနှင့်ပတ်သက်၍ အဓိကမထားဘဲ ဆန္ဒပြသူများအပေါ် ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုကိုသာ အဓိကထားပြောဆိုခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက်တွင် နယူးဒေလီရှိ မွတ်စလင်များစွာနေထိုင်သော ဆီလမ်ပူရရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများကြား အကြမ်းဖက်မှုပါသည့် ထိပ်တိုက်ဆုံမှုရှိခဲ့သည်။