ဂျပန်တွင် အမျိုးသမီးသတင်းသမား လိင်ပိုင်းအနိုင်ကျင့်ခံရမှု တရားရေးအရ အနိုင်ရရှိ

ဂျပန်တွင် အမျိုးသမီးသတင်းသမား လိင်ပိုင်းအနိုင်ကျင့်ခံရမှု တရားရေးအရ အနိုင်ရရှိ

ရုပ်သံအစီအစဉ်တင်ဆက်သူဟောင်းတစ်ဦး၏ လိင်ပိုင်းအနိုင်ကျင့်ခြင်းခံခဲ့ရကြောင်း စွပ်စွဲခဲ့သည့် အမျိုးသမီးသတင်းသမား ရှိီယိုရီ အီတိုအား နစ်နာကြေးအဖြစ် ယန်း ၃ ဒသမ ၃ သန်း( ဒေါ်လာ ၃၀ဝ၀ဝ) ပေးအပ်ရန် တိုကျိုရှိ တရားရုံးတစ်ရုံးက ဒီဇင်ဘာ ၁၈ ရက်တွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

ဂျပန်၌ လိင်ပိုင်းအနိုင်ကျင့်ခံရသည့် အမျိုးသမီးများအနက် လေးရာခိုင်နှုန်းသာ ရဲတပ်ဖွဲ့သို့တိုင်ကြားမှုရှိနေကြောင်း အစိုးရ၏ ၂၀၁၇ ခုနှစ် စစ်တမ်းတွင်ဖော်ပြထားရာ အီတိုက ထုတ်၍ပြောဆိုခဲ့ပြီးနောက် ဂျပန်တွင်သာမက တစ်ကမ္ဘာလုံးတွင်ပါ ယင်းဖြစ်ရပ်ကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်ခဲ့ကြသည်။ ကမ္ဘာတစ်ဝန်းတွင် လိင်ပိုင်းအနိုင်ကျင့်ခံရမှုကိုထုတ်ဖော်ပြောဆိုသည့် #MeToo လှုပ်ရှားမှုအရှိန်ကောင်းနေချိ်န်တွင် အီတိုသည်လည်း ဂျပန် #MeToo လှုပ်ရှားမှု၌ ပြောရေးဆိုခွင့်ရှိသူဖြစ်လာခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် ရင်းနှီးသည့် ရုပ်သံအစီအစဉ်တင်ဆက်သူဟောင်း နိုရီယူကီ ယာမာဂူချီသည် ၂၀၁၅ ခုနှစ်တွင် ၎င်းကို ညစာဖိတ်ကျွေးပြီး ဆေးခပ်ကာ လိင်ပိုင်းအနိ်ုင်ကျင့်ခဲ့သည့်အတွက် နစ်နာကြေးအဖြစ် ယန်း ၁၁ သန်း( ဒေါ်လာ ၁၀ဝ၀ဝ၀) လိုချင်ကြောင်း အီတိုက ရုံးတော်သို့ လျှောက်ထားခဲ့သည်။ ယာမူဂူချီက အမှားကျူးလွန်ခြင်းမရှိကြောင်း ပြောဆိုကာ အီတိုကို ပြန်တရားစွဲပြီး နစ်နာကြေးအဖြစ် ယန်း သန်း ၁၃၀ တောင်းဆိုခဲ့သည်။

ကျွန်မတို့နိုင်ခဲ့ပြီ တန်ပြန်တရားစွဲဆိုမှုကို တရားရုံးက ပယ်ချလိုက်ပြီဟု အီတိုက ထောက်ခံသူများအား တရားရုံးအပြင်ဘက်တွင် ပြောဆိုခဲ့သည်။ #MeToo လှုပ်ရှားမှုပေါ်ပေါက်လာသည့်အခါတွင် လိင်ပိုင်းအနိုင်ကျင့်ခံရသူမှာ ၎င်းတစ်ဦးတည်းမဟုတ်ကြောင်း သိရှိပြီး အားတက်ကာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အီတိုက ပြောဆိုခဲ့သည်။

ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့၌ အမျိုးသမီးများသည် လိင်ပိုင်းအနိုင်ကျင့်မှုကိုဆန့်ကျင်ကြောင်း ပွင့်လင်းစွာထုတ်ဖော်ပြောဆိုနေချိန်တွင် ဂျပန်၌ တိတ်တဆိတ်သည်းခံနေခြင်းကို အားသာချက်အဖြစ် သတ်မှတ်နေဆဲဖြစ်ကြောင်း အီတိုက ပြောဆိုခဲ့သည်။

အီတိုသည် လိင်ပိ်ုင်းအနိုင်ကျင့်ခံရပြီးနောက် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သော်လည်း ရဲတပ်ဖွဲ့သည် နှစ်ပတ်အကြာမှ စုံစမ်းစစ်ဆေးမှုကိုစတင်ခဲ့သည်။ အီတိုသည် ၎င်းခံစားခဲ့ရသည့် ဒုက္ခများအကြောင်းကို ၂၀၁၇ ခုနှစ်တွင် စာအုပ်ရေးသားထုတ်ဝေခဲ့သည်။

ဂျပန်အစိုးရသည် လိင်ပိုင်းအနိုင်ကျင့်သူများအပေါ် ချမှတ်နေသည့် ထောင်ဒဏ်ကို သုံးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်ခဲ့ပြီး လိင်ပိုင်းအနိုင်ကျင့်ခံရသူနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အမျိုးသားများကိုပါ ထည့်သွင်းခဲ့သည်။