ငါးဖမ်းလုပ်ငန်းအပေါ် အစိုးရက စည်းမျဉ်းတင်းကျပ်မှု ထိုင်းငါးဖမ်းသမားထောင်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်

ငါးဖမ်းလုပ်ငန်းအပေါ် အစိုးရက စည်းမျဉ်းတင်းကျပ်မှု ထိုင်းငါးဖမ်းသမားထောင်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒထုတ်ဖော်

ထိုင်းအစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည့် ငါးဖမ်းလုပ်ငန်းအပေါ် စည်းမျဉ်းတင်းကျပ်မှုများပြုခဲ့ပြီးနောက် စီးပွားရေးထိခိုက်ခဲ့သည့်အတွက် ထိုင်းငါးဖမ်းသမားထောင်ပေါင်းများစွာသည် စိုက်ပျိုးရေးဝန်ကြီးဌာနအပြင်ဘက်၌ ဒီဇင်ဘာ ၁၇ ရက်တွင် စုဝေးဆန္ဒပြခဲ့သည်။

ငါးဖမ်းလုပ်ငန်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည့်အတွက် ထိုင်းပင်လယ်စာပို့ကုန်များအပေါ် ပိတ်ဆို့မှုများချမှတ်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂက လွန်ခဲ့သော လေးနှစ်တွင် ခြိမ်းခြောက်ခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် ပင်လယ်စာတတိယအများဆုံးတင်ပို့နေသည့် ထိုင်းနိုင်ငံသည် ငါးဖမ်းလုပ်ငန်းရှိ တရားမဝင်လုပ်ကိုင်မှုများအပေါ် နှိမ်နင်းမှုများပြုလုပ်လာခဲ့သည်။

ဥရောပသမဂ္ဂသည် ထိုင်းအစိုးရ၏လုပ်ဆောင်မှုတွင် တိုးတက်မှုရှိလာသည့်အတွက် ခြိမ်းခြောက်မှုကို ယခုနှစ်ဇန်နဝါရီတွင် ရုပ်သိမ်းခဲ့သော်လည်း ထိုင်းအစိုးရဖော်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကြောင့် ငါးဖမ်းလုပ်ငန်းတွင် ထိခိုက်နစ်နာမှုများရှိလာခဲ့သည်။

ခရိုင် ၂၂ ခုမှ ဆန္ဒပြသူများသည် ဝန်ကြီးဌာနအရှေ့ဘက်တွင် စခန်းချကာ ဆန္ဒထုတ်ဖော်နေသည်။ လွန်ခဲ့သောငါးနှစ်အတွင်း အရာရာကို ဆုံးရှုံးခဲ့ပြီး ယနေ့တွင် အစိုးရက တစ်စုံတစ်ရာဖြေဆိုခြင်းမပြုပါက သပိတ်စခန်းမှ ထွက်ခွာမည်မဟုတ်ကြောင်း နိုင်ငံတောင်ပိုင်း ရာယွန်ခရိုင်မှ ငါးဖမ်းသမားတစ်ဦးကပြောဆိုခဲ့သည်။ အစိုးရကချမှတ်ထားသည့် တင်းကျပ်သော စည်းမျဉ်းများနှင့် ဒဏ်ငွေများကြောင့် ငါးဖမ်းသမားများစွာ အလုပ်အကိုင်နေရာဆုံးရှုံးခဲ့ရကြောင်း ထိုင်းငါးဖမ်းလုပ်ငန်းအသင်း၏ဥက္ကဋ္ဌ မွန်ကို ဆတ်ခါရိုကာနာကပြောဆိုခဲ့သည်။ပြဿနာများကိုဖြေရှင်းပေးခြင်းမပြုပါက အစိုးရကို ဖြုတ်ချမည်ဖြစ်ကြောင်း ဆတ်ခါရိုကာနာကပြောဆိုခဲ့သည်။

စည်းမျဉ်းများဖြေလျှော့ပေးရန်နှင့် ငါးဖမ်းလုပ်ငန်းအား အကူအညီပေးရေး ရန်ပုံငွေထူထောင်ပေးရန် စသည့်အချက်များပါဝင်သည့် တောင်းဆိုချက်တစ်ခုကို ငါးဖမ်းလုပ်ငန်းအသင်းများက ယခုလအစောပိုင်းတွင် အစိုးရထံသို့ တင်ပြခဲ့ပြီးဖြစ်သည်။

ငါးဖမ်းသမားများအား ချေးငွေ ဘတ် ၁၀ ဒသမ ၃ ဘီလျံ( ဒေါ်လာ ၃၄၁ သန်း) နှင့် ငါးဖမ်းစက်လှေ ၂၇၀ဝ ကို ဝယ်ယူရန် ဘတ် ၇ ဒသမ ၁ ဘီလျံ( ဒေါ်လာ ၂၃၅ သန်း) ထုတ်ပေးမည့် အစီအစဉ်ကို ဝန်ကြီးအဖွဲ့က အတည်မပြုပေးသေးကြောင်း စိုက်ပျိုးရေးဝန်ကြီး၏အကြံပေး အလွန်ကွန်းပွန်လာဘွတ်က ပြောဆိုခဲ့သည်။