သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ဥရောပနှင့် အာရှ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု လျှော့ချခြင်းမျိုးကို တားမြစ်မည့် ဥပဒေတစ်ရပ်ကို အမေရိကန်လွှတ်တော်က ပြဌာန်းလိုက်ကြောင်း သိရသည်။
ဆီးရီးယား၊ ရုရှားနှင့် တရုတ်တို့ကို ပိုမိုဖိအားပေးမည့် အချက်များလည်း ဥပဒေတွင် ထည့်သွင်းထားကြောင်း သိရသည်။ လွှတ်တော်က အတည်ပြုပေးခဲ့သော ကာကွယ်ရေးမူဝါဒ ဥပဒေကြမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဥပဒေအရ လွှတ်တော်သည် ဆီးရီးယား ပြည်တွင်းစစ်အတွင်း စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဆန်ရှင်များ ချမှတ်မည်ဖြစ်သလို၊ စစ်ရာဇဝတ်မှု စုံစမ်းဖော်ထုတ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများအတွက်လည်း ရန်ပုံငွေများ ထောက်ပံ့သွားမည်ဖြစ်သည်။
ယူကရိန်းကို စစ်ရေးအကူအညီများ တိုးမြှင့်ပေးအပ်သွားမည်ဖြစ်သလို၊ သမ္မတ ထရမ့် အစိုးရအနေဖြင့် ခရိုင်းမီးယားကို ရုရှားက သိမ်းပိုက်ခြင်းကို အသိအမှတ်ပြုခြင်းမျိုး လုပ်ဆောင်မရစေရန်လည်း ဥပဒေထဲတွင် ထည့်သွင်းတားမြစ်ထားကြောင်း သိရသည်။ ထို့အပြင် သမ္မတ ထရမ့်အနေဖြင့် နေတိုးအဖွဲ့မှ အမေရိကန်ပြည်ထောင်စုကို နုတ်ထွက်ခြင်းမျိုး၊ တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင် အင်အားကို လျှော့ချခြင်းမျိုး လုပ်ဆောင်မရစေရန်လည်း ဥပဒေဖြင့် ကန့်သတ်လိုက်သည်။
ဥပဒေအရ အမေရိကန် လွှတ်တော်သည် ဆီးရီးယားသမ္မတ ဘာရှား အာဆတ်နှင့် မဟာမိတ်များကိုလည်း ဆန်ရှင်များဖြင့် အရေးယူနိုင်မည်ဖြစ်သည်။ အမေရိကန်သည် ယခင်ကတည်းက သမ္မတ အာဆတ်နှင့် မဟာမိတ်များကို အရေးယူမှုများ ရှိခဲ့သော်လည်း ဥပဒေသစ်ကြောင့် ၎င်းတို့နှင့်ဆက်ဆံသည့် ပြည်ပလုပ်ငန်းများကိုပါ ထပ်မံအရေးယူနိုင်မည်ဖြစ်သည်။
ဥရောပတွင် ရုရှား သြဇာကြီးမားလာခြင်းကို တန်ပြန်ရန်အတွက်လည်း လွှတ်တော်သည် ဥရောပကာကွယ်ရေး အစီအစဉ်အတွက် ဒေါ်လာ ၇၃၄ သန်း ထပ်တိုးသုံးစွဲသွားမည်ဖြစ်ပြီး ဥရောပမဟာမိတ်နိုင်ငံများတွင် စစ်ရေးအခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ ရေငုပ်သင်္ဘောစစ်ရေး တန်ပြန်ရေး လုပ်ငန်းများလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ယူကရိန်းအတွက်လည်း ခရုဇ်ဒုံးကျည်နှင့်သင်္ဘောဖျက် ဒုံးကျည်များ ဒေါ်လာ သန်း ၃၀ဝ ဖိုး ထပ်တိုးထောက်ပံ့သွားမည်ဖြစ်သည်။

















