ဖင်လန်နိုင်ငံသည် ခရစ္စမတ်လက်ဆောင်အဖြစ် ဥရောပသမဂ္ဂ နိုင်ငံသား ငါးသန်းကို ဉာဏ်ရည်တုနည်းပညာ အွန်လိုင်းသင်တန်း အခမဲ့ ပို့ချပေးမည်ဟု ကြေညာလိုက်သည်။
ယခုနှစ်ကုန်တွင် ဖင်လန်သည် ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌရာထူးမှ ဆင်းတော့မည်ဖြစ်ရာ နှုတ်ဆက်လက်ဆောင်အဖြစ် ဥရောပသမဂ္ဂ နိုင်ငံသား ၁ ရာခိုင်နှုန်း (ငါးသန်းဝန်းကျင်) အတွက် ဉာဏ်ရည်တုနည်းပညာ အွန်လိုင်းသင်တန်း အခမဲ့ ပို့ချပေးရန် ကြေညာခဲ့ခြင်း ဖြစ်သည်။
အသက် ၃၄ နှစ်အရွယ် ဝန်ကြီးချုပ် ဆန်နာ မာရင်း ဦးဆောင်သော နည်းပညာရှေ့တန်းရောက် ဖင်လန်နိုင်ငံသည် နိုင်ငံ၏ အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး ဟယ်ဆင်ကီ တက္ကသိုလ်၊ ဖင်လန်အခြေစိုက် နည်းပညာ အကြံပေးအတိုင်ပင်ခံလုပ်ငန်း Reaktor တို့နှင့် ပူးပေါင်းကာ အွန်လိုင်းသင်တန်းကို ပို့ချသွားမည်ဖြစ်သည်။ အွန်လိုင်းသင်တန်းအတွက် ဖင်လန်အစိုးရသည် ဒေါ်လာ နှစ်သန်းခန့် ကုန်ကျခံ သုံးစွဲမည်ဖြစ်ပြီး ဥရောပနိုင်ငံသားများကို ခေတ်မီ ဉာဏ်ရည်တုနည်းပညာနှင့် မိတ်ဆက်ပေးရန် ရည်ရွယ်ကြောင်း ပြောသည်။ အွန်လိုင်းသင်တန်းသည် ဉာဏ်ရည်တုနည်းပညာ အခြေခံမိတ်ဆက် သင်တန်းဖြစ်ပြီး ကုတ်ဒ်ရေးသားခြင်းကဲ့သို့ နက်နဲသည့် အဆင့်ထိ သင်ကြားမည်မဟုတ်ကြောင်း သိရသည်။
မည်သည့် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသားမဆို အသက်အရွယ်မရွေး၊ ပညာရေးအဆင့်အတန်းမရွေး၊ ကျွမ်းကျင်မှုနယ်ပယ်မရွေး တက်ရောက်နိုင်သည်။ ဟယ်ဆင်ကီ တက္ကသိုလ်က ပို့ချလျက်ရှိသော ဉာဏ်ရည်တုနည်းပညာ အခြေခံ အွန်လိုင်းသင်တန်းကို ၂၀၁၈ ခုနှစ်က စတင်ခဲ့ပြီး နိုင်ငံပေါင်း ၁၁၀ မှ သင်တန်းသား ၂၂၀ဝ၀ဝ ကျော် တက်ရောက်ထားပြီးဖြစ်ကာ အအောင်မြင်ဆုံး အွန်လိုင်းသင်တန်းတစ်ခုဖြစ်သည်။
အွန်လိုင်းသင်တန်းသည် အချိန်ပြည့် တက်ရောက်ပါက သီတင်းပတ် ခြောက်ပတ်ဖြင့် ပြီးဆုံးနိုင်ပြီး အချိန်ပိုင်းခန့်စီသာ တက်ရောက်မည်ဆိုပါက ခြောက်လခန့်ဖြင့် ပြီးမြောက်နိုင်သည်။ လက်ရှိတွင် ဖင်လန်၊ အင်္ဂလိပ်၊ ဆွီဒင်၊ အက်စတိုးနီးယား ဘာသာစကားများဖြင့် တက်ရောက်နိုင်ပြီး လာမည့် နှစ်နှစ်အတွင်း ဥရောပသမဂ္ဂ တရားဝင်ဘာသာစကားအဖြစ် သတ်မှတ်ထားသော ကျန်ရှိနေသေးသည့် ဘာသာစကား ၂၀ သို့ ဘာသာပြန်ဆိုသွားမည်ဖြစ်သည်။

















