ပြင်သစ်တွင် ပင်စင်စနစ်သစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ဓာတ်အားပြတ်တောက်

ပြင်သစ်တွင် ပင်စင်စနစ်သစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် ဓာတ်အားပြတ်တောက်

ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေး အစိုးရ၏ အားထုတ်မှုများကို ဆန့်ကျင်ကန့်ကွက်သောအားဖြင့် ပြင်သစ်နိုင်ငံတစ်ဝန်း အလုပ်သမား သမဂ္ဂများ ဦးဆောင်ကာ သပိတ်မှောက် ဆန္ဒပြလျက်ရှိပြီး ဓာတ်အားပေး လုပ်သားများ သပိတ်ကြောင့် အိမ်ခြေ တစ်သိန်းခန့် ဓာတ်အားပြတ်တောက်ခဲ့သလို၊ အီဖယ်မျှော်စင် ဝန်ထမ်းများ သပိတ်ကြောင့်လည်း မျှော်စင်ကို ပိတ်ထားရပြီး ကျောင်းများလည်း ပိတ်ထားရသည်။

ပင်စင်ယူနိုင်သည့် သက်တမ်းကို ၆၂ နှစ်မှ ၆၄ နှစ်သို့ တိုးမြှင့်မှုကြောင့် ကန့်ကွက်ဆန္ဒပြနေကြခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၁၃ ရက်တိုင်တိုင် ရထားဝန်ထမ်းများသပိတ်ကြောင့် ပါရီတွင် ပို့ဆောင်ရေးစနစ်များ အကျပ်ဆိုက်နေသည့်တိုင် ပြင်သစ် သမ္မတ အီမန်နျူရယ် မာခရွန်နှင့် အစိုးရအဖွဲ့သည် ပင်စင်စနစ်ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲမည်ဟု ကြုံးဝါးထားသည်။ ပြင်သစ် ပင်စင်စနစ်သည် အလွန်အမင်း ရက်ရောလွန်းနေသဖြင့် နိုင်ငံသည် ပင်စင်ကြွေးမြီဝန်ပိကာ စီးပွားကျဆင်းရလိမ့်မည်ဟု ပြင်သစ်အစိုးရက ကြေညာထားသည်။

ပြင်သစ်နိုင်ငံတစ်ဝန်း အတ္တလန္တိတ် ကမ်းရိုးတန်းမြို့ ဘရစ်တနီမှသည် တောင်ပိုင်း ပီရီနေမြို့အထိ မြို့ပေါင်းများစွာတွင် အလုပ်သမားသမဂ္ဂများ ဦးဆောင်ကာ သပိတ်မှောက် ဆန္ဒပြလျက်ရှိသည်။

ဆေးရုံဝန်ထမ်းများ၊ လေကြောင်းလိုင်းဝန်ထမ်းများ၊ ရှေ့နေများ စသဖြင့် အလုပ်ကဏ္ဍ အလွှာစုံမှ ပါဝင်ဆန္ဒပြခဲ့ကြသည်။ စီဂျီတီ လျှပ်စစ်လုပ်သားသမဂ္ဂအဖွဲ့ဝင်များက လိုင်ယွန်နှင့် ဘော်ဒက်တို့တွင် အိမ်ခြေ တစ်သိန်းခန့်ကို ဓာတ်အားဖြတ်တောက်ကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

နိုင်ငံသားများ အသက်ရှည်လာခြင်း၊ နိုင်ငံ့စီးပွားတိုးနှုန်း နှေးကွေးလာခြင်းတို့ကြောင့် ဥရောပနိုင်ငံ အများအပြားသည် ပင်စင်ယူနိုင်သည့် သက်တမ်းကို တိုးမြှင့်ခြင်း သို့မဟုတ် ပင်စင် ခံစားခွင့်များကို လျှော့ချခြင်းများ ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ပြုလုပ်ခဲ့သည်။ ပြင်သစ်သည်လည်း အလားတူပင် စီမံမှဖြစ်မည်ဟု သမ္မတ မာခရွန်က ပြောသည်။

ရထားဝန်ထမ်းများ သပိတ်မှောက်နေသဖြင့် တိုးရစ်များ၊ အလုပ်တက်မည့်သူများ ဒီဇင်ဘာ ၁၇ ရက်တွင် သွားလာရေး အကျပ်ဆိုက်ခဲ့သည်။ ရထားလုပ်သားများနှင့် အခြားသော လုပ်သားအများအပြားသည် အထူးပင်စင်စနစ်ဖြင့် အသက် ၅၀ ခန့်မှ စတင်၍ အငြိမ်းစားယူခွင့်များ ရရှိထားသည်။