ကတ်သလစ် ဘုန်းတော်ကြီးများ လိင်အမြတ်ထုတ်မှုဆိုင်ရာ ဗာတီကန် လျှို့ဝှက်စည်းမျဉ်းကို ပုပ်ရဟန်းမင်း ပယ်ဖျက်

ကတ်သလစ် ဘုန်းတော်ကြီးများ လိင်အမြတ်ထုတ်မှုဆိုင်ရာ ဗာတီကန် လျှို့ဝှက်စည်းမျဉ်းကို ပုပ်ရဟန်းမင်း ပယ်ဖျက်

ကတ်သလစ် ဘုန်းတော်ကြီးများ၏ လိင်အမြတ်ထုတ်မှုများကို ဗာတီကန် ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားမှုကို ပယ်ဖျက်လိုက်ကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင် ပုပ်ရဟန်းမင်း ဖရန်စစ်က ကြေညာလိုက်သည်။

ဗာတီကန် လျှို့ဝှက်စည်းမျဉ်းသည် လိင်အမြတ်ထုတ်သူများကို ကာကွယ်ပေးရာ ရောက်သလို၊ လိင်အမြတ်ထုတ်ခံရသူများ မတိုင်ကြားနိုင်စေရန်နှင့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး မရစေရန် တားဆီးထားရာ ရောက်နေကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းက ပယ်ဖျက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

လိင်အမြတ်ထုတ်သည့် ဘုန်းတော်ကြီးများ၏ ဗာတီကန်အတွင်းစည်း အချက်အလက်များကို နိုင်ငံတကာစုံစမ်းစစ်ဆေးသူများက တောင်းခံထားမှုကို ဗာတီကန်က မည်မျှလိုက်လျောမည်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း လိင်အမြတ်ထုတ်ခံခဲ့ရသူများနှင့် အကျိုးဆောင်များက သုံးသပ်ပြောကြားသည်။

ကတ်သလစ် ဘုန်းတော်ကြီးများနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်ရေး အချက်အလက်များကို လိင်အမြတ်ထုတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအတွက် တောင်းခံလာပါက ဗာတီကန် လျှို့ဝှက်စည်းမျဉ်းဖြင့် ပယ်ချခြင်းမျိုး ပြုမည်မဟုတ်ကြောင်း ပုပ်ရဟန်းမင်းက ပြောကြားသည်။ ယခုကဲ့သို့ ပယ်ဖျက်လိုက်မှုကြောင့် ကတ်သလစ် ဘုန်းတော်ကြီးများ၏ လိင်အမြတ်ထုတ်မှုများကို အရပ်ဘက် စုံစမ်းစစ်ဆေးရေးအဖွဲ့များနှင့် ဗာတီကန်တို့ အနီးကပ် ပူးတွဲ စုံစမ်းစစ်ဆေးနိုင်မည်ဖြစ်သလို၊ လိင်အမြတ်ထုတ် ခံခဲ့ရသူများအတွက်လည်း တရားမျှတမှု တံခါးဖွင့်လှစ်ပေးရာရောက်ကြောင်း ဗာတီကန်၏ လိင်အမြတ်ထုတ်မှု စုံစမ်းစစ်ဆေးရေး တာဝန်ခံ အာ့ရှ်ဘစ်ရှော့ ချားလ် ဆီကလူနာက ပြောသည်။

သက်ငယ်လိင်ညစ်ညမ်းပုံနှင့် ဗီဒီယိုများဆိုင်ရာ ပြစ်မှုများတွင်လည်း ယခင်က အသက် ၁၄ နှစ်အောက်ကိုသာ သက်ငယ်အဖြစ် သတ်မှတ်ထားခြင်းကို ပုပ်ရဟန်းမင်း ဖရန်စစ်က ၁၈ နှစ်သို့ ပြင်ဆင်သတ်မှတ်ပေးလိုက်သည်။ ရာထူးကြီး ကတ်သလစ် ဘုန်းတော်ကြီးများပါ ပတ်သက်နေသော သက်ငယ်လိင်ညစ်ညမ်းပုံနှင့် ဗီဒီယိုစုဆောင်းမှု ပြစ်မှုများ များပြားလာသည့်အတွက် ပုပ်ရဟန်းမင်းက သက်ငယ်အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုသည့်သက်တမ်းကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။