ဟော့ဖန်ဟိမ်း − ဒေါ့မွန်
စနေ၊ နံနက် ၂းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၃−၃ ဟော့ဖန်ဟိမ်း
ကြားရက်မှာ ခြေတက်နေတဲ့ ယူနီယံဘာလင်ကို အနိုင်ယူခဲ့တဲ့ ဟော့ဖန်ဟိမ်းတို့ အခု အမှတ်ပေးဇယား အထက်ပိုင်းကဒေါ့မွန်ကို အိမ်ကွင်းမှာ ဧည့်ခံရတော့မှာပါ။ဒေါ့မွန်တို့ ဘွန်ဒက်စ်လီဂါမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေပါတယ်။ အခုလည်း အဝေးကွင်းဖြစ်ပေမဲ့ အိမ်ရှင်အသင်းကို ကောင်းကောင်းကစားနိုင်မှာပါ။ ဒေါ့မွန်တို့ ကပ်ပြီးအနိုင်ရသွားနိုင်ပါတယ်။
ဘိုင်ယန် − ဝုဖ်ဘတ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဘိုင်ယန် ၆−ဝ ဝုဖ်ဘတ်
ပြီးခဲ့နှစ်တွေ့ဆုံမှုတုန်းက ဘိုင်ယန်ကဂိုးပြတ်အနိုင်ရခဲ့တာ တွေ့ရတယ်။ အခုလည်း ဘိုင်ယန်က ဘွန်ဒက်စ်လီဂါဘက်ကိုပြန်ပြီးအာရုံစိုက်နေတဲ့အချိန်ပါ။ ဝုဖ်ဘတ်ရဲ့ ခြေစွမ်းကလည်း အများကြီးလျှော့တွက်လို့ရတဲ့အနေအထားမှာ ရှိမနေပါဘူး။ အလယ်အလတ် အသင်းတွေထဲမှာ မာကျောတဲ့အသင်းပါ။ ဒါပေမဲ့ ဘိုင်ယန်ရဲ့ အားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ အိမ်ရှင်ကိုပဲ ရွေးချယ်ရမှာပါ။
လိုက်ပဇစ် − အော့စ်ဘတ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၁−၂ လိုက်ပဇစ်
ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံမှုက ပိုကယ်ဖလားပြိုင်ပွဲမှာပါ။ အချိန်ပိုကျမှ လိုက်ပဇစ်အနိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာ လိုက်ပဇစ်က ခြေစွမ်းအတည်ငြိမ်ဆုံးမှာ ရှိနေပါတယ်။အော့စ်ဘတ်ကလည်း ခြေတက်နေတဲ့အသင်းပါ။ ဒါပေမဲ့ အခုကစားရမှာက လိုက်ပဇစ်ကွင်းဖြစ်နေတော့ အော့စ်ဘတ်တို့ မလွယ်လောက်ဘူး ထင်တယ်။ ရာသီဝက်ချန်ပီယံခံယူမယ့် လိုက်ပဇစ်နဲ့ပဲ လက်တွဲချင်တယ်။
မိန့်ဇ် − လေဗာကူဆင်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ၁−၅ လေဗာကူဆင်
ဟော့ဖန်ဟိမ်း၊ ဖရန့်ဖတ်တို့ကိုနိုင်ပြီး အော့စ်ဘတ်နဲ့ ဒေါ့မွန်ကို ဆက်တိုက်ရှုံးခဲ့တဲ့မိန့်ဇ်တို့ရဲ့ ရုန်းကန်အားက ကုန်သွားပြီလို ထင်ခဲ့ပေမဲ့ ကြားရက်မှာ ဝါဒါဘရီမင်ကို ငါးဂိုးပြတ်နဲ့ ပြန်ပြီးအနိုင်ယူနိုင်ခဲ့တယ်။ အခုလည်း အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ ဆက်ပြီးကြိုးစားလာဦးမှာပါ။ လေဗာကူဆင်လည်း ဘွန်ဒက်စ်လီဂါမှာ ရလဒ်ပြန်ကောင်းအောင် ကြိုးစားနေတဲ့အသင်းပါ။ ဒါကြောင့်နှစ်သင်းရဲ့ အနေအထားက တူညီနေပါတယ်။ သရေရလဒ်လောက်ပဲ ထွက်ပေါ်လာနိုင်ပါတယ်။
ရှော်လ်ကေး − ဖရိုင်းဘတ်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ရှော်လ်ကေး ဝ−ဝ ဖရိုင်းဘတ်
ရှော်လ်ကေးက သူတို့ရဲ့ ခြေစွမ်းကို အခုအချိန်ထိ ထိန်းထားနိုင်တုန်းပါပဲ။ ဖရိုင်းဘတ်က အကျဘက်ကို နည်းနည်းရောက်လာတယ်။ နောက်ပြီး ဖရိုင်းဘတ်က အဝေးကွင်းဆို ပိုဆိုးတယ်။ ဒါကြောင့် အခုရှော်လ်ကေးကွင်းမှာ ဖရိုင်းဘတ်တို့ မလွယ်လောက်ဘူး။ ရှော်လ်ကေးအတွက် အနိုင်သေချာတဲ့ ပွဲပါ။
ကိုလုံး − ဝါဒါဘရီမင်
စနေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဝါဒါဘရီမင် ၁−ဝ ကိုလုံ
လေဗာကူဆင်အသင်းကို အနိုင်ကစားနိုင်ခဲ့တဲ့ ကိုလုံးရဲ့ စိတ်ဓာတ်ပိုင်းက လျှော့တွက်လို့မရပါဘူး။ တန်းဆင်းဇုန်ထဲ မှာရှိနေပေမဲ့ အကောင်းဆုံး ကြိုးစားနေပါတယ်။ ဝါဒါဘရီမင်ကလည်း တန်းဆင်းဇုန်နားက အသင်းပါ။ အခြေအနေတူတွေပါ။ ဒါကြောင့် အိမ်ရှင်အားသာချက်ရှိတဲ့ကိုလုံးကို အကြိုက်တွေ့မိပါတယ်။
ဟာသာဘာလင် − မွန်ချင်ဂလက်ဘတ်
တနင်္ဂနွေ၊ နံနက် ဝဝးဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မွန်ချင် ဝ−၃ ဟာသာဘာလင်
ဟာသာဘာလင်တို့ တန်းဆင်းဇုန်နားနဲ့ ဝေးအောင် ကြိုးစားနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာ ရလဒ်လေးတွေ ပြန်ကောင်းနေပါတယ်။ အခုလည်း အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ ကြိုးစားဦးမှာပါ။ မွန်ချင်ကလည်း ခြေငြိမ်တဲ့အသင်းပါ။ အမှတ်ပေးဇယား အဆင့် (၂) နေရာမှာ ရှိနေလို့ ဟာသာဘာလင်နဲ့ အဆင့်ခြင်း အများကြီးကွာပါတယ်။ ဒါပေမဲ့ ဟာသာဘာလင်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဒီပွဲမှာ မွန်ချင် အခက်တွေ့သွားမှာပါ။
ဒူဆယ်ဒေါ့ဖ် − ယူနီယံဘာလင်
တနင်္ဂနွေ၊ ည ၉းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ယူနီယံဘာလင် ၃−၁ ဒူဆယ်ဒေါ့ဖ်
ဒူဆယ်ဒေါ့ဖ်တို့ တန်းဆင်းဇုန်နားမှာပဲ ရှိနေပါသေးတယ်။ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲစလုံးကို ရှုံးနိမ့်ထားပါတယ်။ ယူနီယံဘာလင်လည်း တန်းဆင်းဇုန်နားကနေအဆင့် (၁၁) နေရာအထိ တက်လာနိုင်တဲ့အသင်းပါ။ ဒါပေမဲ့ အခု ဒူဆယ်ဒေါ့ဖ်ကွင်းမှာ အိမ်ရှင်ရဲ့ ဖိအားပေးကစားမှုကို ခံရနိုင်ပါတယ်။ သရေတစ်မှတ်ရရင် ယူနီယံဘာလင်တို့ ကျေနပ်သင့်ပါတယ်။
ပက်ဒါဘွန်း − ဖရန့်ဖတ်
တနင်္ဂနွေ၊ ည ၁၁း၃ဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဖရန့်ဖတ် ၄−ဝ ပက်ဒါဘွန်း
ပက်ဒါဘွန်းတို့ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ကောင်းလေးတွေ ပြန်ရရှိလာပေမဲ့ အမှတ်ပေးဇယား အောက်ဆုံးနေရာက မရွေ့သေးပါဘူး။ ဖရန့်ဖတ်ကလည်း ပက်ဒါဘွန်းနဲ့ ခြေမကွာတဲ့အသင်းပါ။ ယူရိုပါလိဂ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေရတဲ့အတွက် ဘွန်ဒက်စ်လီဂါမှာ အားနည်းနေပါတယ်။ ပက်ဒါဘွန်း ဒီအခွင့်အရေးကို အပိုင်အသုံးချပြီး ရလဒ်ကောင်း ရယူမှာပါ။















