ဖီအိုရင်တီးနား - ရိုးမား (စနေ၊ နံနက် ၂း၁၅)
ဖီအိုရင်တီးနားတို့ စီးရီးအေမှာ နိုင်ပွဲပြန်မတွေ့သေးပါဘူး။ အရှုံးနဲ့ သရေရလဒ်တွေပဲထွက်ပေါ်နေပါတယ်။ ရိုးမားက ဖီအိုရင်တီးနားထက်စာရင် အခြေအနေအများကြီးကောင်းပါတယ်။ ဒါပေမဲ့ အခုကစားရမှာက ဖီအိုရင်တီးနားကွင်းပါ။ ဒီပွဲပြီးရင် ဆောင်းရာသီအားလပ်ရက် ဖြစ်တာကြောင့် ဖီအိုရင်တီးနားတို့ နောက်ဆုံးပွဲမှာ ရလဒ်ကောင်းရဖို့ အားထုတ်လာဖွယ်ရှိပါတယ်။ ရိုးမားတို့ အခက်တွေ့နိုင်တဲ့ ပွဲစဉ်ပါ။
ယူဒီးနိစ် - ကက်ဂလီယာရီ (စနေ၊ ည ၈း၃ဝ)
ယူဒီးနိစ်ကလည်း စီးရီးအေမှာ နိုင်ပွဲပျောက်နေတဲ့အသင်းတွေမှာ ပါဝင်တဲ့အသင်းပါပဲ။ အသင်းလိုက်စုစည်းမှုအပိုင်းကကို တော်တော်လျော့ရဲနေတာပါ။ ကက်ဂလီယာရီက ဒီနှစ်ရာသီမှာ ခြေစွမ်းတော်တော်ကောင်းနေတဲ့အသင်းဖြစ်ပါတယ်။ စီးရီးအေပြိုင်ပွဲအပေါ် တော်တော် အားစိုက်ထားပါတယ်။ ယူဒီးနိစ်အနေနဲ့ ကက်ဂလီယာရီကို အိမ်ကွင်းဆိုတဲ့အားသာချက်ကလွဲလို့ ကျန်တဲ့အပိုင်းမှာ မယှဉ်နိုင်ပါဘူး။ ကက်ဂလီယာရီကို ကြိုက်ပါတယ်။
အင်တာမီလန် - ဂျီနိုအာ (စနေ၊ ည ၁၁း၃ဝ)
အင်တာတို့ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ သရေရလဒ်တွေသာ ထွက်ပေါ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကြောင့်ထင်ပါတယ်။ အခုအိမ်ကွင်းပွဲစဉ်မှာတော့ အင်တာတို့ ကစားအား ပြန်တင်လာနိုင်ပါတယ်။ ဂျီနိုအာက အသင်းလိုက်ကို ပျက်နေတဲ့အသင်းပါ။ ပြီးခဲ့တဲ့နှစ်မှာတုန်းက အသင်းကြီးတွေကိုတောင် ခံကစားနိုင်ခဲ့ပေမဲ့ ဒီနှစ်ရာသီမှာတော့ ဂျီနိုအာမှာ အဲဒီလိုခြေစွမ်းမျိုး မရှိတော့ပါဘူး။ အင်တာတို့ ဂိုးပြတ်အနိုင်ယူသွားမယ့်ပွဲပါ။
တိုရီနို − SPAL (တနင်္ဂနွေ၊ နံနက် ၂း၁၅)
တိုရီနိုတို့အသင်းကို ပြန်ဆွဲတင်နေတာ သေချာပါတယ်။ တန်းတူအသင်းတွေကို အနိုင်တွေချည်း ကစားထားပါတယ်။SPALက ဇယားအောက်ဆုံးက အသင်းပါ။ အခုလိုအချိန်မှာ တိုရီနိုအသင်းအနေနဲ့ ှဏဗူ လို အသင်းမျိုးနဲ့ ဆုံရတာဟာ ကံကောင်းခြင်းလက်ဆောင်ပါပဲ။ နောက်ပြီး အိမ်ကွင်းမှာ ကစားရမယ့်ပွဲလည်း ဖြစ်ပါတယ်။ တိုရီနိုအတွက် အနိုင်သေချာတဲ့ပွဲပါ။
အတ္တလန္တာ − အေစီမီလန် (တနင်္ဂနွေ၊ ညနေ ၆းဝဝ)
အတ္တလန္တာက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဘိုလော့နာကို ရှုံးထားပါတယ်။ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကို အားကုန်ထုတ်ကစားခဲ့လို့ ပွဲပန်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ အခုချိန်မှာ အတ္တလန္တာတို့ စီးရီးအေဘက်ကို ပြန်ပြီးအားစိုက်ရတော့မှာပါ။ အေစီမီလန်ကလည်း ရလဒ်ဆိုးတွေကြားက ပြန်လည် ရုန်းထွက်နေတဲ့အသင်းပါ။ ဒါပေမဲ့ အပြည့်အဝတော့ ယုံကြည်လို့မရသေးပါဘူး။ အတ္တလန္တာတို့ အိမ်ကွင်းအားသာချက်ကို အသုံးချပြီး အနိုင်ယူသွားမှာပါ။
လက်ချီ − ဘိုလော့နာ (တနင်္ဂနွေ၊ ည ၈း၃ဝ)
လက်ချီက တန်းဆင်းဇုန်နဲ့ ဝေးအောင် ကစားနေရတဲ့အသင်းပါ။ ဘိုလော့နာကလည်း အမှတ်ပေးဇယား အဆင့် (၁၁) မှာ ရှိနေပေမဲ့ ခြေမှန်တဲ့အသင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘိုလော့နာက အဝေးကွင်းပွဲစဉ်တွေဆို ဂရုစိုက်ကစားတတ်ပါတယ်။ လက်ချီကလည်း အိမ်ကွင်းအားသာချက်နဲ့ ကစားတတ်တဲ့အသင်းပါ။ ဒါကြောင့်နှစ်သင်းစလုံးအတွက် အခွင့်အရေးက ညီတူမျှတူ ရှိနေပါတယ်။ သရေရလဒ်လောက်သာ ထွက်ပေါ်လာနိုင်တဲ့ပွဲပါ။
ပါးမား − ဘရက်စီယာ (တနင်္ဂနွေ၊ ည ၈း၃ဝ)
ပါးမားတို့ နိုင်ပွဲဆက်နေတာ နှစ်ပွဲရှိပါပြီ။ နာပိုလီလိုအသင်းမျိုးကိုတောင် အနိုင်ရထားပါတယ်။ ဘရက်စီယာကလည်း တန်းဆင်းဇုန်ထဲက လွတ်အောင် ရုန်းနေတာကြောင့် နိုင်ပွဲလေးတွေရနေပါတယ်။ ဒါပေမဲ့ ဘရက်စီယာအနိုင်ရတဲ့အသင်းတွေက သူတို့နဲ့ ခြေရည်တူအဆင့်အသင်းတွေပါ။ ဒါကြောင့် ပါးမားရဲ့ အနိုင်ရလဒ်က ပိုသာပါတယ်။ အခုကစားရမှာကလည်း ပါးမားကွင်း ဖြစ်နေတာကြောင့် ဘရက်စီယာအတွက် မလွယ်လောက်ပါဘူး။ ပါးမားကိုပဲ ရွေးချယ်ရမှာပါ။
ဆက်စူလို − နာပိုလီ (တနင်္လာ၊ နံနက် ၂း၁၅)
ဆက်စူလိုတို့ နိုင်ပွဲပျောက်နေတာ ကြာပါပြီ။ ဒါပေမဲ့ ကိုယ့်ထက်အားကြီးတဲ့အသင်းတွေကို သရေရအောင်တော့ကစားနိုင်ပါတယ်။ နာပိုလီက စီးရီးအေဘက်ကို ပြန်အားစိုက်ရတော့မယ့်အသင်းပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲအပေါ်ကို အာရုံစိုက်နေရလို့ စီးရီးအေမှာအဆင့် (၈) နေရာထိ ရောက်နေပါတယ်။ ဒီတစ်ပွဲမှာတော့ ဆက်စူလိုတို့ ကိုယ့်ထက်အင်အားကြီးတဲ့ နာပိုလီကို အိမ်ကွင်းမှာ သရေခံကစားနိုင်မယ် မထင်ဘူး။ နာပိုလီကိုအကြိုက်တွေ့မိတယ်။















