ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၈ ရက်က ယှဉ်ပြိုင်ခဲ့ရာ မန်ယူ၊ မန်စီးတီးနှင့် လက်စတာအသင်းတို့မှာ ပြိုင်ဘက်များကို အနိုင်ရခဲ့ပြီးနောက် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
မန်ယူအသင်းသည် ကွာတားဖိုင်နယ်တွင် အသင်းငယ် ကိုချက်စတာကို သုံးဂိုးပြတ် အနိုင်ရခဲ့ပြီး လက်ရှိချန်ပီယံ မန်စီးတီးအသင်းမှာ လိဂ်ဝမ်းကလပ် အော့ဖို့ဒ်ယူနိုက်တက်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
လက်စတာအသင်းမှာ အဲဗာတန်နှင့် မိနစ် ၉၀ အတွင်း နှစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ မန်ယူသည် ဆီမီးဖိုင်နယ်တွင် မန်စီးတီးနှင့် ထိပ်တိုက်ဆုံတွေ့ခဲ့ပြီး လက်စတာအသင်းမှာ ဗီလာနှင့် ကစားရမည်ဖြစ်သည်။
ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ကို လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၆ ရက်တွင် ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဇန်နဝါရီ ၂၇ ရက်၌ ယှဉ်ပြိုင်မည်ဖြစ်သည်။ မန်ယူနှင့် လက်စတာတို့သည် ပထမအကျော့ အိမ်ကွင်း ကစားရမည်ဖြစ်ကြောင်း သိရသည်။ မန်စီးတီးသည် ကာရာဘောင်းဖလားကို နောက်ဆုံးနှစ်နှစ် ဆက်တိုက် ပိုင်ဆိုင်ထားသည်။
မန်ယူမှာ ကာရာဘောင်းဖလား ငါးကြိမ်ပိုင်ဆိုင်ထားသည့်အသင်း ဖြစ်သည်။
လက်စတာမှာ ၁၉၉၉–၂၀ဝ၀ ပြည့်နှစ်က ကာရာဘောင်းဖလားကို ဆွတ်ခူးခဲ့သည်။ ဗီလာမှာ ၂၀၁၂–၂၀၁၃ ရာသီ နောက်ပိုင်း ဆီမီးဖိုင်နယ်သို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည်။















