ဖီဖာ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲ၌ ဗန်ဒိုက်ပါဝင်ရန် မသေချာ

ဖီဖာ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲ၌ ဗန်ဒိုက်ပါဝင်ရန် မသေချာ

လီဗာပူး အဓိကနောက်ခံလူ ဗန်ဒိုက်သည် လာမည့် ဒီဇင်ဘာ ၂၁ ရက်တွင် ဘရာဇီးကလပ် ဖလာမင်ဂိုနှင့် ကစားမည့် ၂၀၁၉ ဖီဖာ ကမ္ဘာ့ကလပ်ဖလား ဗိုလ်လုပွဲ၌ ပါဝင်ရန် မသေချာကြောင်းသိရသည်။

နယ်သာလန်နောက်ခံလူ ဗန်ဒိုက်သည် အဖျားဝေဒနာ ခံစားနေရသောကြောင့် မက္ကဆီကိုကလပ် မွန်တာရေးအား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သော ဆီမီးဖိုင်နယ်ပွဲကို လွဲချော်ခဲ့သည်။ လီဗာပူးသည် မွန်တာရေး နှင့်ပွဲတွင် ဘရာဇီးတိုက်စစ်မှူး ဖာမီနို၏ နောက်ဆုံးမိနစ်သွင်းဂိုးကြောင့် နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

မွန်တာရေးပွဲတွင် ဗန်ဒိုက် မပါဝင်နိုင်ခဲ့၍ အသင်းခေါင်းဆောင် ဟန်ဒါဆန်မှာ ဗဟိုနောက်ခံနေရာ၌ ပါဝင်ကစားခဲ့ရသည်။ လီဗာပူး နည်းပြကလော့ပ်က ဗိုလ်လုပွဲတွင် ဗန်ဒိုက် ပါဝင်ကစားနိုင်ရန်မှာ အခြေအနေစောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း၊ အစားထိုးဝင်ရောက် ကစားသည့် ဟန်ဒါဆန်မှာလည်း ကစားပုံကောင်းခဲ့ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးသည် ဖီဖာ ကမ္ဘာ့ကလပ်ဖလား ချန်ပီယံဆုကို တစ်ကြိမ် တစ်ခါမှ မရခဲ့ဖူးပေ။ အင်္ဂလန်ကိုယ်စားပြုအနေဖြင့် ချန်ပီယံဆုကို နောက်ဆုံးရရှိခဲ့သည့် အသင်းမှာ မန်ယူဖြစ်ပြီး ၂၀ဝ၈ ခုနှစ်က ဆုရခဲ့ခြင်းဖြစ်သည်။ ဖလာမင်ဂိုမှာ ဆီမီးဖိုင်နယ်တွင် အယ်လ် ဟီလယ်အသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး