လူမျိုးရေးခွဲခြားမှုတွေက အားကစားလောကမှာ လက်ရှိအချိန်ထိ ရှင်သန်နေတုန်းပါပဲ။ အဓိကအားဖြင့် ခင်ဗျားက လူမည်းကစားသမားတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် တစ်ကြိမ်မဟုတ် တစ်ကြိမ်မှာတော့ သေချာပေါက် လူမျိုးရေးခွဲခြားဆက်ဆံတဲ့ အခြေအနေမျိုး တွေ့ကြုံခံစားရမှာပါ။ အားကစားလောကမှာ လူမျိုးရေး ခွဲခြားဆက်ဆံမှုကို အပြင်းအထန် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေပေမဲ့ ပျောက်ပျက်မသွားသေးပါဘူး။
အရေးယူမှုတွေပြုလုပ်နေပေမဲ့ အခုချိန်မှာ ပိုလို့တောင် ဆိုးလာတယ်လို့ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ် ဆိုရှယ်မီဒီယာတွေထွန်းကားနေတဲ့အချိန်မှာ တစ်ဦးကိုတစ်ဦး တိုက်ခိုက်ဖို့ဆိုတာ ပိုတောင်လွယ်လာပါတယ်။ လူမည်းကစားသမားတစ်ဦးက ပွဲကစားနေတဲ့အချိန်မှာ အမှားတစ်ခု ဒါမှမဟုတ်ပရိသတ်မကြိုက်နှစ်သက်တဲ့ အပြုအမူ တစ်ခုခု လုပ်ခဲ့တယ်ဆိုရင် အဲဒီကစားသမားဟာ ခွဲခြားဆက်ဆံတဲ့ စကားလုံးတွေနဲ့ သေချာပေါက် တိုက်ခိုက်ခံရတော့မှာ ဖြစ်ပါတယ်။ အားကစားကွင်းအတွင်းမှာတော့ မဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာပေါ်ကပါ။
ပွဲပြီးလို့ ကိုယ်ပိုင်လက်ကိုင်ဖုန်းလေးကို ဖွင့်လိုက်တာနဲ့ သူ့အတွက်တိုက်ခိုက်ချက်တွေပါတဲ့ စာတွေက ရာနဲ့ချီပြီး ရောက်နေနိုင်ပါတယ်။ တစ်ခါတစ်ရံဆို ထောင်ဂဏန်းဝန်းကျင်လောက်အထိ ဖြစ်နေတတ်ပါတယ်။ ဒါဟာ ဆိုရှယ်မီဒီယာ ထွန်းကားနေတဲ့ခေတ်ကြီးထဲမှာ ဖြစ်ပေါ်နေတဲ့ လူမျိူးရေးခွဲခြားမှုအဖြစ်အပျက်ပါပဲ။ လူမျိုးရေးခွဲခြားမှုနဲ့ ပတ်သက်လို့ တိုက်ခိုက်မှုတွေကို ဆိုရှယ်မီဒီယာကတစ်ဆင့် ဘယ်လောက်တောင် လုပ်ဆောင်နေကြသလဲဆိုရင် ယူကေရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှု ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့က Kick It Out ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ သုတေသနစာတမ်းမှာဆိုရင် ၂ဝ၁၈ နိုဝင်ဘာက ၂ဝ၁၉ နိုဝင်ဘာအထိ ၆ဝဝ က ၉ဝဝ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။ ဒီအဖြစ်အပျက်တွေက တွစ်တာ၊ အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်စတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက တစ်ဆင့် လာတာပါ။
တိုက်ခိုက်မှုတွေ လုပ်ဆောင်သူတွေက ထင်ရှားတဲ့ လူမည်း ကစားသမားတွေဆိုရင် ခွဲခြားဆက်ဆံမှုတွေ ပိုပြီးလုပ်ကြပါတယ်။ အနီးစပ်ဆုံး ထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကို ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကစားခဲ့တဲ့ လီဗာပူးနဲ့မန်စီးတီး ပွဲစဉ်မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းက စတားလင်းရဲ့ အပြုအမူနဲ့ ပတ်သက်လို့ လီဗာပူးအသင်းပရိသတ်တွေက အပြင်းအထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီပွဲစဉ်မှာ စတားလင်းဟာ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ရဲ့ခြေထောက်ကို အကြောင်းမဲ့ တက်နင်းလိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ စတားလင်းကို လီဗာပူးပရိသတ်တွေက ပြင်းပြင်းထန်ထန် ပြစ်တင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပွဲစဉ်မှာ စတားလင်းဟာ အခြား လီဗာပူးကစားသမားအချို့နဲ့လည်း စကားများခဲ့ပါသေးတယ်။
ဒါ့ပြင် သြဂုတ်လအတွင်းက ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ ပင်နယ်တီကန်သွင်းချက် လွဲချော်ခဲ့တဲ့ မန်ယူကစားသမား ရပ်ရှ်ဖို့ဒ်ကိုအသင်းအားပေးသူ ပရိသတ်တွေကိုယ်တိုင်က တွစ်တာကတစ်ဆင့် စကားလုံးတွေရော ဓာတ်ပုံတွေနဲ့ လှောင်ပြောင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ နောက်ပြီး ဝုဗ်နဲ့ ပွဲစဉ်မှာပင်နယ်တီလွဲခဲ့တဲ့ ပေါ့ဂ်ဘာလည်း ရပ်ရှ်ဖို့အတိုင်း လှောင်ပြောင်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ သူတို့မှတင် မဟုတ်ပါဘူး။ တခြားကစားကစားတွေလည်း ပင်နယ်တီလွဲတာတွေ၊ လူပေးမှားတာတွေမှာ အလားတူ တိုက်ခိုက်မှုတွေ ခံရတာပါပဲ။ ဒါပေမဲ့ ကစားသမားက လူမည်းဖြစ်နေတာရယ်၊ ထင်ရှားတဲ့ကစားသမားဖြစ်နေတာရယ်ဆိုရင်တော့ တိုက်ခိုက်ခံရမှုက အမြင့်ဆုံးမှာ ရှိနေတတ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ခိုက်ခံရတဲ့သူတွေက မကျေနပ်ရင် ဆိုင်ရာတာဝန်ရှိသူတွေကို တိုင်ကြားနိုင်ပြီး အရေးယူမှုတွေ လုပ်ဆောင်ပေးကြပါတယ်။ ဒါပေမဲ့ တိုက်ခိုက်သူတွေကလည်း တိုက်ခိုက်မြဲ တိုက်ခိုက်တုန်းပါပဲ။ တစ်ခါတစ်ရံ တိုက်ခိုက်သူတွေက ကစားသမားတစ်ဦးတည်းကိုသာ မကတော့ဘဲ မိသားစုတွေကိုပါ မုန်းတီးတဲ့ စကားလုံးတွေနဲ့ပါ တိုက်ခိုက်လာတက်ကြပါတယ်။
စာရေးသူ၊ တက်ကြွလှုပ်ရှားသူနဲ့ အမျိုးသမီးအားကစား အသံလွှင့်ထုတ်လုပ်သူ ရှီယန်အာမက်ဆိုသူ အမျိုးသမီးကတော့ ဒီလို တိုက်ခိုက်တတ်တဲ့ အကြမ်းဖက်သမားတွေကို ဆိုရှယ်မီဒီယာကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အမြစ်ပြတ် ချေမှုန်းသင့်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဆိုရှယ်မီဒီယာကုမ္ပဏီတွေက ထိပ်ပိုင်းအကြီးအဲအများစုဟာ လူဖြူတွေဖြစ်နေတာကြောင့် သူတို့တွေဟာ ရိုးသားမှုမရှိဘဲ ဘယ်သောအခါမှလည်း ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အပြည့်အဝ တာဝန်ယူမှု မရှိဘူးလို့ တုံ့ပြန်သွားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာ ထွန်းကားတဲ့ ခေတ်ကာလကြီးထဲမှာ အလားတူဖြစ်ရပ်မျိုးတွေ ဆက်လက်ဖြစ်ပွားနေဦးမှာပါ။ လူမျိုးရေးခွဲခြားမှု လုပ်ရပ်တွေကို အားကစား ကွင်းအတွင်းမှာ ပြုလုပ်ရင် လုံခြုံရေး ကင်မရာတွေကတစ်ဆင့် ပြန်လည်ကြည့်ရှုပြီး အရေးယူနိုင်ပေမဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ အကောင့် အတုတွေနဲ့ ကျူးလွန်မယ်ဆိုရင်တော့ အရေးယူရတာ ခက်နိုင်ပါတယ်။
လူမည်းကစားသမားတွေအတွက်လည်း အခုဖြစ်ရပ်တွေက စိတ်အနှောင့်အယှက်ဖြစ်စရာတွေချည်းပါပဲ။ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်တဲ့အဖြေဆိုတာ ရှိစမြဲပါ။ ဒါကြောင့်အခု ဆိုရှယ်မီဒီယာတွေပေါ်မှာ လူမျိုးရေး ခွဲခြားဆက်ဆံပြီး တိုက်ခိုက်မှုတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။















