မီနာမီနိုရောက်လာ၍ တိုက်စစ်ပိုကောင်းမည်ဟု ကလော့ပ်ဖွင့်ဟ ဂျပန်သားမီနာမီနိုအား လီဗာပူးနောက်ခံလူ ရောဘတ်ဆန် ချီးကျူး

မီနာမီနိုရောက်လာ၍ တိုက်စစ်ပိုကောင်းမည်ဟု ကလော့ပ်ဖွင့်ဟ ဂျပန်သားမီနာမီနိုအား လီဗာပူးနောက်ခံလူ ရောဘတ်ဆန် ချီးကျူး

ဂျပန်တောင်ပံကစားသမား မီနာမီနိုရောက်ရှိလာခဲ့၍ အသင်းတိုက်စစ်ပိုကောင်းလာမည်ဖြစ်ကြောင်း လီဗာပူး နည်းပြ ဂျာဂင်ကလော့ပ်က ပြောကြားခဲ့သည်။

လီဗာပူး အသင်းတာဝန်ရှိသူများသည် ခန့်မှန်းသတင်းများအတိုင်း ဆဲလ်ဘတ်မှ မီနာမီနိုကို ပြောင်းရွှေ့ကြေးပေါင် ၇ ဒသမ ၂၅ သန်းဖြင့်ခေါ်ယူခဲ့ပြီးနောက် ကာလရှည်စာချုပ်ချုပ် ဆိုရန် သဘောတူညီမှုရရှိခဲ့သည်။ မီနာမီနိုသည် ယခုနှစ် ဘောလုံးရာသီတွင် ဆဲလ်ဘတ်အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြကစားနေပြီး လီဗာပူးနှင့် ချန်ပီယံလိဂ်ပွဲ၌လည်း ခြေစွမ်းပြကာ ဂိုးသွင်းနိုင်ခဲ့သည်။

လီဗာပူးနည်းပြ ကလော့ပ်က ''ဂျပန်ကစားသမား မီနာမီနိုကိုခေါ်ယူနိုင်ခဲ့တာက တကယ့်သတင်းကောင်း ဖြစ်ပါတယ်။ သူ့ကိုခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ အသင်းပရိသတ်တွေဟာ မကြာခင်ကပဲ မီနာမီနိုရဲ့ခြေစွမ်းကို မြင်တွေ့ခဲ့ပြီးသားပါ။ ဒါကြောင့် မီနာမီနို ဘယ်လောက်ကောင်းတယ်ဆိုတာကို ကျွန်တော်အများကြီး ပြောစရာမလိုတော့ဘူး။ ပရိသတ်တွေက သိနေကြပါတယ်။ မီနာမီနိုဟာ အရမ်းမြန်တယ်၊ နေရာလွတ်ရှာတာလည်း တော်တယ်၊ အသင်းတိုက်စစ် ပိုကောင်းလာမှာပါ''ဟု ပြောကြားခဲ့သည်။

လီဗာပူးအဓိကနောက်ခံလူတစ်ဦးဖြစ်သူ ရောဘတ် ဆန်က အသင်းသို့ရောက်ရှိလာခဲ့သော မီနာမီနိုအား ကြို ဆိုခဲ့ပြီး ဂျပန်ကစားသမားကို ချီးကျူးခဲ့သည်။

ရောဘတ် ဆန်က ''ဆဲလ်ဘတ်နဲ့ကစားခဲ့ရတာက တော်တော်ခက်ခဲခဲ့ ပါတယ်။ မီနာမီနိုဟာ သူတို့ရဲ့အဓိကလူပါ။ အထူးသဖြင့် အန်ဖီးလ်မှာ သူက ကျွန်တော်တို့ကို အခက်တွေ့စေခဲ့တယ်။ သုံးဂိုးပြတ်နိုင်နေတဲ့အချိန် မီနာမီနို ခြေစွမ်းပြပြီးဂိုးသွင်းခဲ့ သလို ဖန်တီးမှုလည်းပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့နည်းပြကတောင် ဘယ်သူဆိုပြီး ကြည့်ခဲ့ရတယ်။ နှစ်ပွဲစလုံးမှာ သူအကောင်းဆုံးကစားနိုင်ခဲ့တယ်။ မီနာမီနိုဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ကစားသမားပါ''ဟု ချီးကျူးခဲ့သည်။ ၂၄ နှစ်အရွယ် မီနာမီနိုသည် ယခုနှစ်တွင် ဆဲလ်ဘတ်အတွက် ကိုးဂိုးသွင်းယူခဲ့ပြီး ဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး