သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်၌ ဒီဇင်ဘာ ၂၁ ရက်တွင် တောမီးအကြီးအကျယ်ဆက်လက်လောင်ကျွမ်းနေပြီး တောမီးသည် ဆစ်ဒနီမြို့ ဆင်ခြေဖုံးအထိပင် ပျံ့နှံ့လာပြီဖြစ်ကြောင်း မီးသတ်အရာရှိများက ပြောဆိုခဲ့သည်။
ဆစ်ဒနီမြို့ပြင်ရှိ အဓိကလမ်းမကြီးများကို ပိတ်ထားခဲ့ပြီး အများပြည်သူအနေဖြင့် ဖြစ်နိုင်လျှင် ခရီးသွားလာမှုကို ရက်ရွှေ့ဆိုင်းထားရန် အာဏာပိုင်များက တောင်းဆိုခဲ့သည်။ လေတိုက်နှုန်းသည် တစ်နာရီ ၄၄ မိုင်နှုန်းရှိနေသောကြောင့် မီးလောင်မှုအခြေအနေနှင့်ပတ်သက်၍ ခန့်မှန်းရခက်နေပြီး အပူချိန်သည် ၄၀ ဒီဂရီဆဲစီးယပ်စ်( ၁၀၄ ဒီဂရီဖာရင်ဟိုက်) အထိရှိနေသည်။
အပူချိန်နှင့် လေပြင်းတိုက်ခတ်မှုများကြောင့် မီးလောင်မှုအခြေအနေသည် အရေးပေါ်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်း နယူးဆောက်ဝေးပြည်နယ် မီးသတ်ဌာနကော်မရှင်နာ ရှိန်း ဖစ်ဆင်မွန်စ်ကပြောဆိုခဲ့သည်။
နယူးဆောက်ဝေးပြည်နယ်၌ ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းအထိ တောမီး ၁၀ဝ ခန့် လောင်ကျွမ်းနေပြီး မီးလောင်ပြင်ခြောက်ခုသည် အရေးပေါ် အခြေအနေအဖြစ် သတ်မှတ်ခံထားရသည်။
လမ်းများကို ပိတ်ထားနိုင်ခြေရှိပြီး အပူချိန်လည်းမြင့်တက်နိုင်ခြေရှိနေသောကြောင့် ခရစ္စမတ်ခရီးထွက်ခြင်းကို ရွှေ့ဆိုင်းထားရန် ဒေသခံရဲတပ်ဖွဲ့က သတိပေးချက်ထုတ်ပြန်ထားသည်။ ပြည်နယ်တွင်း အရေးပေါ်ဌာနဝန်ထမ်း ၁၀ဝ၀ဝ ခန့် တာဝန်ထမ်းဆောင်နေသည်။ ပြည်နယ်တွင်း သမိုင်းတစ်လျှောက် အရေးပေါ်ဌာနဝန်ထမ်းအများဆုံးကို တာဝန်ပေးထားခြင်းဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့နှင့် အရေးပေါ်ဌာနဝန်ကြီး ဒေးဗစ် အဲလီယက်က ပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်တွင် မီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါလာသည့် မော်တော်ယာဉ်ပေါ်သို့ သစ်ပင်ကြီးတစ်ပင် လဲပြိုခဲ့မှုကြောင့် တပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့သည်။ နယူးဆောက်ဝေးပြည်နယ်၌ တောမီးစတင်ခဲ့သည့် အောက်တိုဘာမှစ၍ သေဆုံးသူ ရှစ်ဦးရှိသွားပြီဖြစ်သည်။

















