ပါလက်စတိုင်းနယ်မြေများရှိ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာရာဇဝတ်ခုံရုံး(အိုင်စီစီ)က တရားစီရင်ပိုင်ခွင့်ရှိကြောင်း တရားသူကြီးများက ဆုံးဖြတ်ပြီးနောက်တွင် ယင်းနယ်မြေများရှိ စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း အိုင်စီစီ၏တရားရေးအရာရှိ ဖာတိုး ဘန်ဆိုဒါက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။
အိုင်စီစီက စုံစမ်းစစ်ဆေးရန် ကြေညာချက်ကို ပါလက်စတိုင်းသားများက ကြိုဆိုခဲ့သော်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ အိုင်စီစီသည် ပါလက်စတိုင်းနယ်မြေများအပေါ် စီရင်ပိုင်ခွင့်မရှိကြောင်း ပြောဆိုခဲ့သည်။ အစ္စရေးသည် အနောက်ဘက်ကမ်းခြေနှင့် ဂါဇာကမ်းမြောင်တို့ကို ၁၉၆၇ ခုနှစ် စစ်ပွဲအတွင်း သိမ်းပိုက်ခဲ့သည်။
၂၀၁၅ ခုနှစ်တွင် စတင်ခဲ့သည့် ကနဦးစုံစမ်းစစ်ဆေးမှုများအရ ပါလက်စတိုင်းနယ်မြေများ၌ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း အထောက်အထားလုံလုံလောက်လောက်ရရှိခဲ့ပြီးဖြစ်ကြောင်း ဘန်ဆိုဒါကပြောဆိုခဲ့သည်။ အနောက်ဘက်ကမ်းခြေ၊ အရှေ့ဂျေရုဆလင်၊ ဂါဇာကမ်းမြောင်ဒေသတို့၌ စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း ဘန်ဆိုဒါကပြောဆိုခဲ့သည်။
ပါလက်စတိုင်းနယ်မြေများ၏ အငြင်းပွားဖွယ် တရားရေးအခြေအနေများကြောင့် အိုင်စီစီတရားသူကြီးများအနေဖြင့် တရားရုံးက စီရင်ပိ်ုင်ခွင့်ရှိမရှိကို ဆုံးဖြတ်ပေးရန် လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း ဘန်ဆိုဒါကပြောဆိုခဲ့သည်။ တရားသူကြီးများက မည်သည့်အချိန်တွင် ဆုံးဖြတ်မည်ကိုမသိရသေးသော်လည်း မတရားခံခဲ့ရသူများကိုလည်း ကြားနာစစ်ဆေးမှုများတွင် ပါဝင်ခွင့်ပြုရန် တောင်းဆိုထားကြောင်း ၎င်းကပြောဆိုခဲ့သည်။
ပါလက်စတိုင်းနယ်မြေများတွင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းကို စုံစမ်းစစ်ဆေးရန်မှာ အချိန်လွန်နေပြီဖြစ်သော်လည်း စုံစမ်းစစ်ဆေးမှုကို ကြိုဆိုပါကြောင်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကပြောဆိုခဲ့သည်။ သို့သော် အိုင်စီစီသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများက လျှောက်ထားမှသာ စီရင်ပိုင်ခွင့်ရှိနေပြီး ပါလက်စတိုင်းနိ်ုင်ငံဆိုသည်မှာမရှိသောကြောင့် အိုင်စီစီ၌ စီရင်ပိ်ုင်ခွင့်မရှိကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကပြောဆိုခဲ့သည်။
ပါလက်စတိုင်းသည် အချုပ်အခြာအာဏာပိုင်နိုင်ငံမဟုတ်သောကြောင့် အိုင်စီစီ၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပါကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုကပြောဆိုခဲ့သည်။ အိုင်စီစီသည် တရားရုံး၏စီရင်ပိုင်ခွင့်ကို အတည်ပြုလက်မှတ်ရေးထိုးထားသည့် နိ်ုင်ငံ ၁၂၃ နိုင်ငံ၌ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအပေါ် စီရင်ပိုင်ခွင့်ရှိနေသည်။ အစ္စရေးသည် လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကမူ လက်မှတ်ရေးထိုးထားသည်။

















