အိန္ဒိယ၌ နိုင်ငံသားဖြစ်ခွင့်ဥပဒေကြမ်း ဆန့်ကျင်ဆန္ဒပြမှုများ မလုပ်ဆောင်ရေး လူစုလူဝေးခွင့်ပိတ်ပင်ပြီး အင်တာနက်ဖြတ်တောက်

အိန္ဒိယ၌ နိုင်ငံသားဖြစ်ခွင့်ဥပဒေကြမ်း ဆန့်ကျင်ဆန္ဒပြမှုများ မလုပ်ဆောင်ရေး လူစုလူဝေးခွင့်ပိတ်ပင်ပြီး အင်တာနက်ဖြတ်တောက်

အိန္ဒိယအစိုးရ အတည်ပြုလိုက်သည့် မွတ်စလင်များကို ဖယ်ထုတ်ထားသော နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနှင့်ပတ်သက်၍ နိုင်ငံတစ်ဝန်း ဆန့်ကျင်ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားနေချိန်တွင် ရဲတပ်ဖွဲ့သည် မြို့တော်နှင့် အခြားမြို့များ၌ လူစုလူဝေးလုပ်ဆောင်ခွင့်ကိုပိတ်ပင်ပြီး အင်တာနက်စနစ်ကိုဖြတ်တောက်ထားခဲ့ကြောင်း အစိုးရအရာရှိများက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက် ဝတ်ပြုဆုတောင်းမှုများပြုလုပ်ပြီးနောက်တွင် နယူးဒေလီရှိ ဂျမား မာဆီဂျ်ဒ်ဗလီကြီးရှေ့၌ လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။ ဆန္ဒပြသူများသည် အိန္ဒိယနိုင်ငံတော်အလံများကို ဝှေ့ယမ်းခဲ့ပြီး နိုင်ငံသားဖြစ်မှုဆိုင်ရာဥပဒေနှင့် အစိုးရကို ဆန့်ကျင်ကြောင်း ကြွေးကြော်သံများကို ရွတ်ဆိုခဲ့ကြသည်။

ရဲတပ်ဖွဲ့သည် ဗလီကြီးမှ လွှတ်တော်သို့ ချီတက်ဆန္ဒပြမှုကို ပိတ်ပင်ထားပြီး အမိန့်ကိုမနာခံဘဲ ဆန္ဒပြသူများအား မီးသတ်ပိုက်များသုံးကာ လူစုခွဲခဲ့သည်။ နိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၌ အကြမ်းဖက်မှုအများစုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြည်နယ်တွင်း ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့ကင်းစခန်းများနှင့် မော်တော်ယာဉ်များကို မီးရှို့ဖျက်ဆီးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျောက်ခဲများဖြင့် ပစ်ခတ်ခဲ့သည်။ သေဆုံးသူဦးရေသည် ၁၄ ဦးအထိရှိသွားပြီဖြစ်ကြောင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်အစိုးရ၏ပြောခွင့်ရှိသူက ဒီဇင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။

ဥတ္တရာပရာဒေ့ရှ်တွင် လူအများဆုံးဖမ်းဆီးခံခဲ့ရပြီး ပြည်နယ်တွင်း ဖမ်းဆီးခံရသူဦးရေသည် ၃၀ဝ၀ ကျော်သွားပြီဖြစ်သည်။ အိမ်နီးချင်း ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်တို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဟိန္ဒူ၊ ခရစ်ယာန်နှင့် အခြားဘာသာရေးအရ လူနည်းစုဝင်များကို နိုင်ငံသားဖြစ်ခွင့်ပြုသည့် ဥပဒေနှင့်ပတ်သက်၍ နိုင်ငံသားများ မကျေမနပ်ဖြစ်နေကြခြင်းဖြစ်သည်။ ဥပဒေအရ အခြားနိ်ုင်ငံများမှထွက်ပြေးလာသည့် မွတ်စလင်များ နိုင်ငံသားဖြစ်ခွင့်မရှိချေ။

ဥပဒေသည် အိန္ဒိယ၏အရပ်ဘက်ဝါဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘီဂျေပီပါတီဦးဆောင်သော အစိုးရက နိုင်ငံတွင်းရှိ သန်း ၂၀ဝ ရှိသော မွတ်စလင်များကို ဘေးဖယ်ထုတ်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။

နယူးဒေလီတွင် ဂျမီယာ မီလီယာအစ္စလာမီးယားတက္ကသိုလ်အပြင်ဘက်တွင် ဆန္ဒပြသူ ၁၀ဝ၀ဝ ခန့်စုဝေးပြီး ဥပဒေကိုဖျက်သိမ်းပေးရန် တောင်းဆိုလွှာတစ်ခုအတွက် လက်မှတ်များစုဆောင်းခဲ့သည်။