ရာသီဥတုအရေးဆောင်ရွက်ချက်နှင့်ပတ်သက်၍ အရည်အချင်းပြလက်မှတ်ထုတ်ပေးခဲ့ပါ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များသည် ကျရှုံးအဆင့်သာရရှိမည်ဖြစ်ကြောင်း ဆွီဒင်လွှတ်တော်ရှေ့၌ ဒီဇင်ဘာ ၂၀ ရက်တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဆယ်ကျော်သက် ဂရေတာသွန်းဘတ်အပါအဝင် ရာသီဥတုအရေးလှုပ်ရှားများက ပြောဆိုခဲ့သည်။
ဆွီဒင်၌ စာသင်နှစ်ပြီးဆုံးချိန်တွင် သွန်းဘတ်ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ နယူးယောက်နှင့် မက်ဒရစ်တို့၌ ပြုလုပ်ခဲ့သည့် ကုလရာသီဥတုဆိုင်ရာညီလာခံများ၌ လှုပ်ရှားသူများသည် ကျရှုံးဟုရေးသားထားသည့် အရည်အချင်းပြလက်မှတ်များကို တင်ပြခဲ့ကြပြီးဖြစ်သည်။
အသက် ၁၆ နှစ်အရွယ် သွန်းဘတ်သည် ၂၀၁၈ ခုနှစ် သြဂုတ်မှစတင်ကာ ဆွီဒင်လွှတ်တော်ရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ အနာဂတ်အတွက် သောကြာနေ့ဟု အမည်ပေးထားသည့် ၎င်း၏ဆန္ဒထုတ်ဖော်မှုများကို အားကျပြီး ကမ္ဘာတစ်ဝန်းရှိ လူငယ်များက အလားတူဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကျွန်မကတော့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို ကျရှုံးအဆင့်ပဲပေးပါတယ်၊ သူတို့တွေ လုံလောက်အောင် မလုပ်ပေးခဲ့ကြဘူး ဟု အသက် ၁၈ နှစ်အရွယ် လှုပ်ရှားသူ အစ္စဘယ် အလက်ဆင်ကပြောဆိုခဲ့သည်။ အနာဂတ်အတွက် သောကြာနေ့သည် ကောင်းမွန်သော လှုပ်ရှားမှုဖြစ်သော်လည်း ယင်းကြောင့် ရာသီဥတုအရေးနှင့်ပတ်သက်၍ မည်သည့်နိုင်ငံရေးသမားတစ်ဦးတစ်ယောက်ကိုမျှ အမြင်မှန်အောင် လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း အလက်ဆင်ကပြောဆိုခဲ့သည်။

















