ဘရက်ဇစ် ဥပဒေကြမ်း ဗြိတိန် အောက်လွှတ်တော် အတည်ပြု

ဘရက်ဇစ် ဥပဒေကြမ်း ဗြိတိန် အောက်လွှတ်တော် အတည်ပြု

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် တင်သွင်းသောဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးလုပ်ငန်းစဉ် ဥပဒေကြမ်းကိုဒီဇင်ဘာ ၂၀ ရက်တွင် ဗြိတိန် အောက်လွှတ်တော်ကထောက်ခံအတည်ပြုလိုက်သဖြင့် ပြီးခဲ့သည့် သုံးနှစ်ကျော်ကြာရှေ့မတိုးနောက်မဆုတ် ဖြစ်နေခဲ့သောဥရောပသမဂ္ဂမှ နုတ်ထွက်ရေးလုပ်ငန်းစဉ် လမ်းပွင့်သွားပြီဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဂျွန်ဆင်၏ ကွန်ဆာဗေးတစ် အမတ်များကလွှတ်တော်အတွင်းလူများစုနေရာရရှိခဲ့သဖြင့် ဥပဒေကြမ်းကိုအလွယ်တကူအတည်ပြုလိုက်နိုင်ခြင်းလည်း ဖြစ်သည်။ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၃၅၈ မဲ၊ ကန့်ကွက်မဲ ၂၃၄ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်တွင် ဗြိတိန်သည် ဥရောပသမဂ္ဂမှ နုတ်ထွက်တော့မည်ဖြစ်သည်။

လွှတ်တော်အမတ်များအားလပ်ရက် သီတင်းပတ် နှစ်ပတ်ယူပြီးလွှတ်တော်ပြန်စပါကဥပဒေကြမ်းတွင် ပြင်ဆင် ဖြည့်စွက်သင့်သည်များကိုထပ်မံဆွေးနွေးမည်ဖြစ်ကာ၊ ထို့နောက်တွင် အထက်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။အထက်လွှတ်တော်ကလည်းအတည်ပြုနိုင်ခြေများလျက်ရှိပြီးဇန်နဝါရီလအတွင်းဥပဒေအဖြစ် အသက်ဝင်လာဖွယ်ရှိသည်။

ဇန်နဝါရီ ၃၁ ရက်တွင် နုတ်ထွက်ပြီးလျှင်ပင် ဗြိတိန်နှင့် ဥရောပသမဂ္ဂသည် ကုန်သွယ်ရေး၊ လုံခြုံရေးနှင့် အခြားကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂၀၂၀ နှစ်ကုန်နောက်ဆုံးထားပြီးဆက်လက်ညှိနှိုင်းရဦးမည်ဖြစ်သည်။ ဥပဒေကြမ်းအရ ဗြိတိန်သည် ဇန်နဝါရီ ၃၁ ရက်တွင် အပြီးနုတ်ထွက်ကာ ၂၀၂၀ နှစ်ကုန်နောက်ဆုံးထားပြီး လက်ကျန်ညှိနှိုင်းမှုများအပြီးသတ်ဆောင်ရွက်မည်ဖြစ်သည်။

ကုန်သွယ်ရေးကျွမ်းကျင်သူများ၊ ဥရောပသမဂ္ဂ တာဝန်ရှိသူများကမူ နုတ်ထွက်ပြီး ၁၁ လအတွင်းအလုံးစုံ ခြုံငုံမှုရှိသောကုန်သွယ်ရေးသဘောတူချက်မျိုးရရှိအောင် ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ဝေဖန်လျက်ရှိသော်လည်းဝန်ကြီးချုပ် ဂျွန်ဆင်ကမူအချိန်ထပ်ဆွဲမနေနိုင်ကြောင်းတုံ့ပြန်ထားသည်။