လူသေသည့် ယာဉ်တိုက်မှုကျူးလွန်ပြီးနေရပ်ပြန်သွားသည့် အမေရိကန်သံတမန်၏ဇနီးကို ဗြိတိန် အမှုဖွင့်

လူသေသည့် ယာဉ်တိုက်မှုကျူးလွန်ပြီးနေရပ်ပြန်သွားသည့် အမေရိကန်သံတမန်၏ဇနီးကို ဗြိတိန် အမှုဖွင့်

အမေရိကန် သံတမန်တစ်ဦး၏ ဇနီးသည် ဗြိတိန်လူငယ်တစ်ဦးသေဆုံးခဲ့ရသည့် ယာဉ်တိုက်မှုကျူးလွန်ပြီးနောက် သံတမန်အကာအကွယ်ဖြင့် အမေရိကန်သို့ ပြန်သွားမှုကြောင့် ဗြိတိန် ရဲတပ်ဖွဲ့က ထိုအမျိုးသမီးကိုမဆင်မခြင် ယာဉ်မောင်းနှင်ကာလူသေဆုံးစေမှုဖြင့် ဒီဇင်ဘာ ၂၀ ရက်က အမှုဖွင့်လိုက်သည်။

ကျူးလွန်သူအန်နီဆာကိုလာကိုအမေရိကန်မှ ဗြိတိန်သို့ ပြန်လွှဲပြောင်းရယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း ဗြိတိန်ရဲတပ်ဖွဲ့ကပြောသည်။သံတမန်အကာအကွယ်ဖြင့် အမေရိကန်ပြန်သွားသောဆာကိုလာကိုခေါ်ယူတရားစီရင်ရန် ကြိုးပမ်းမှုကြောင့် အမေရိကန်နှင့် ဗြိတိန်ကြားတင်းမာမှုများ မြင့်တက်လျက်ရှိသည်။ သြဂုတ်လက ဆာကိုလာမောင်းနှင်သောကားဖြင့် တိုက်မိမှုကြောင့် ၁၉ နှစ်အရွယ် ဟာရီဒွန်းသေဆုံးခဲ့ရသည်။ ဆာကိုလာ၏ ခင်ပွန်းသည် အင်္ဂလန် အလယ်ပိုင်းရှိအမေရိကန် အခြေစိုက်စခန်းအာရ်အေအက်ဖ် ခရိုတန်မှ ထောက်လှမ်းရေးအရာရှိတစ်ဦး ဖြစ်သည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဆာကိုလာသည် သံတမန်အကာအကွယ် လျှောက်ထားကာအမေရိကန်သို့ ပြန်သွားခဲ့သည်။ ဒွန်း၏ မိသားစုသည် ဆာကိုလာကို ဗြိတိန်သို့ ပြန်ခေါ်ယူကာတရားရင်ဆိုင်စေရန် ကြိုးပမ်းလျက်ရှိပြီး၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့်လည်းသွားရောက်တွေ့ဆုံခဲ့ကြကြောင်းသိရသည်။

ဆာကိုလာကိုလွှဲပြောင်းပေးရန် အမေရိကန်အစိုးရထံ ဗြိတိန်အစိုးရကတရားဝင်တောင်းဆိုမှ ဖြစ်နိုင်မည်ဟုလည်းအစိုးရစုံစမ်းစစ်ဆေးသူများကပြောသည်။ ဆာကိုလာကိုအမှုဖွင့်ထားသောပုဒ်မများသည် အမြင့်ဆုံးထောင်ဒဏ် ၁၄ နှစ်ထိကျခံရနိုင်သည်။

ဆာကိုလာ၏ ရှေ့နေကမူယာဉ်တိုက်မှုသည် မရည်ရွယ်ဘဲ ဖြစ်ပွားခြင်းသာဖြစ်ကြောင်း၊ ၄င်း၏ အမှုသည်သည် ထို့အတွက် များစွာစိတ်မကောင်းဖြစ်ရသော်လည်း ဗြိတိန်သို့ မိမိသဘောဖြင့် ပြန်သွားကာတရားစီရင်ခံရန်မူအစီအစဉ်မရှိကြောင်း ထုတ်ပြန်ထားသည်။

ဗီယင်နာသဘောတူချက်အရသံတမန်များ၏ မိသားစုဝင်များသည် ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ ကင်းလွတ်ခွင့်ရရှိထားသည်။ ဗြိတိန် စုံစမ်းစစ်ဆေးသူများကမူ လန်ဒန်အပြင်ဘက်ရှိကောင်စစ်ဝန်ရုံးဝန်ထမ်းများ၏ မိသားစုဝင်များဗီယင်နာသဘောတူချက်ထဲတွင် အကြုံးမဝင်ဟု ဆိုထားသည်။