ကမ္ဘာ့အပြင်ဘက်မှ ပိုင်ဆိုင်မှုများ ကာကွယ်ရန်၊ အာကာသစစ်ပွဲများ ဆင်နွှဲရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဒီဇင်ဘာ ၂၀ ရက်တွင် လက်မှတ်ရေးထိုးကာ ပင်တဂွန် အာကာသတပ်ဖွဲ့ကို ဖွဲ့စည်းပေးလိုက်သည်။ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တပ်ဖွဲ့သစ် ထပ်တိုးကာ အာကာသတပ်ဖွဲ့ ဖွဲ့စည်းခြင်းဖြစ်သည်။
အာကာသတပ်ဖွဲ့ ဖွဲ့စည်းရန် ၂၀၁၈ ဇွန်လက သမ္မတ ထရမ့်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန် ကာကွယ်ရေး ဘတ်ဂျက် ဒေါ်လာ ၇၃၈ ဘီလျံကိုလည်း သမ္မတ ထရမ့်က လက်မှတ်ရေးထိုးပေးခဲ့သည်။ အာကာသတပ်ဖွဲ့သည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် ခြောက်ခုမြောက် တပ်ဖွဲ့အဖြစ် တည်ရှိမည်ဖြစ်သည်။ ယခင်က ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ကမ်းတက်တပ်နှင့် ကမ်းခြေစောင့်တပ်ဟူ၍ ငါးဖွဲ့ရှိခဲ့သည်။
နည်းပညာ တိုးတက်လာသည်နှင့်အမျှ အာကာသအခြေစိုက် ရင်းမြစ်များကို ပိုမိုအားကိုးလာနေရသဖြင့် မိမိတို့၏ ရင်းမြစ်များကို ကာကွယ်ရန် အာကာသတပ်ဖွဲ့ လိုအပ်လာကြောင်း ကာကွယ်ရေးဝန်ကြီး မာ့ခ် အက်စ်ပါက ပြောသည်။ ကမ်းတက်တပ်ဖွဲ့သည် အမေရိကန်ရေတပ် လက်အောက်တွင် တည်ရှိသလိုအာကာသတပ်ဖွဲ့သည်လည်း အမေရိကန်လေတပ် လက်အောက်တွင် တည်ရှိမည်ဖြစ်ကြောင်း သိရသည်။
အာကာသတပ်ဖွဲ့သည် လေ့ကျင့်သင်တန်းပေးရေး၊ နည်းပညာပစ္စည်းများ ပံ့ပိုးရေး၊ နှစ်ရှည်စီမံကိန်းများ ချမှတ်ရေး လုပ်ငန်းများလည်း ဆောင်ရွက်မည်ဖြစ်သည်။ အာကာသတပ်ဖွဲ့တွင် လေတပ်နှင့် အရပ်ဘက်မှ ဝန်ထမ်း ၁၆၀ဝ၀ ပါဝင်မည်ဖြစ်ကြောင်း လေတပ် ဝန်ကြီး ဘာဘရာ ဘာရတ်က ပြောသည်။
အာကာသတပ်ဖွဲ့သည် ကိုယ်ပိုင် ယူနီဖောင်း၊ ပခုံးတံဆိပ်များ ရှိမည်ဖြစ်သလို၊ တပ်ဖွဲ့သီချင်းလည်း သီးသန့်ရှိမည်ဖြစ်ကြောင်း သိရသည်။ တပ်ဖွဲ့ဝင် ၁၆၀ဝ၀ ဟူသည် အခြားတပ်ဖွဲ့များနှင့်ယှဉ်လျှင် လွန်စွာနည်းသော်လည်း နည်းပညာဗဟိုပြု အဖွဲ့အစည်းဖြစ်သောကြောင့် လူအင်အား များစွာမလိုအပ်ကြောင်း ဘာဘရာက ပြောသည်။ အာကာသတပ်ဖွဲ့ကို လေတပ်ဗိုလ်ချုပ် ဂျေး ရေမွန်က ဦးစီးမည်ဖြစ်သည်။

















